မြောက်ဦးခရိုင်တွင် နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသူ/ကျောင်းသားများကို ဘက်စုံဖွံ့ဖြိုးရေးအတွက် အခမဲ့ ရှေးဦးသူနာပြုစုနည်း သင်တန်းပို့ချ

မြောက်ဦး မေ ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်များ၌ အခြေခံ အလယ်တန်းအဆင့်နှင့် အခြေခံအထက်တန်းအဆင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် ရှေးဦးသူနာပြုစုနည်း သင်တန်းကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် သင်ကြားပို့ချ လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရှေးဦးသူနာပြုစုနည်းသင်တန်းမှာ ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲ့မှူး ဒေါ်မမခင်နှင့် မြို့နယ်ဒုတိယ တပ်ခွဲမှူး ဒေါ်သူဇာဌေး တို့က သင်ကြားပို့ချ ပေးလျက်ရှိပြီး အခြေခံအလယ်တန်း၊ အထက်တန်းအဆင့်ရှိ ကျောင်းသူ/ ကျောင်းသားများ တက်ရောက်ကြပြီး ထိုကလေးငယ်များကို ရှေးဦးသူနာပြုစုနည်းသင်တန်းတွင် အရေးပေါ်အခက်အခဲ ကြုံလာလျှင် ထိခိုက်မှုတစ်ခုခု၊ မတော်တဆမှု တစ်ခုခုဖြစ်လာလျှင် ချက်ချင်းဆိုသလို ထိထိရောက်ရောက် ပြုစုစောင့်ရှောက်မှု ပေးနိုင်မယ်ဆိုင်ရင် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုတွေကို ထိရောက်ကာကွယ်နိုင်မည်ဖြစ်ပြီး ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုပေးလျှင် လူနာကို ရှင်သန်နိုင်မည့် အခွင့်အလမ်းများစွာရှိသည်။

ရှေးဦးသူနာပြုစုခြင်းသည် လူတစ်ယောက် ရုတ်တရက် ထိခိုက်ဒဏ်ရာရသွားတာ၊ အစာနင်တာလိုမျိုး အရေးပေါ် ကျန်းမာရေး ပြဿနာတစ်ခုခုကြုံရလျှင် ဆေးကုသမှု မခံနိုင်ခင် ကာလတွင် အသက်အန္တရာယ်ရှိသည့် အခြေအနေကို ရှေးဦးပြုစုနည်းဖြင့် ကုသဆောင်ရွက် ပေးခြင်းဖြစ်သည်။

ရှေးဦးသူနာပြုစုခြင်း၏ အဓိကရည်ရွယ်ချက်သည် အသက်များကို ကယ်တင်ခြင်း၊ ထိခိုက်ဒဏ်ရာတွေ၊ အဖျားရောဂါတွေ ပိုဆိုးမလာအောင် ကာကွယ်ခြင်း၊ နလန်ထချိန် မြန်စေခြင်း၊ နာကျင်မှုတွေကို ချက်ခြင်းသက်သာစေခြင်း၊ မျှော်လင့် မထားဘဲ ဆုံးရှုံးမှုတွေ ဖြစ်မလာစေခြင်း စသော သင်ခန်းစာများကို ပို့ချခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော သင်တန်းသား/သင်တန်းသူ (၂၇) ဦးတို့ကို တစ် ရက်လျှင် ၂ နာရီကြာ သင်ကြား ပို့ချပေး၍ သင်တန်းကာလကိုလည်း ၂၈-၄-၂၀၂၂ ရက်နေ့မှစတင်၍ ၄-၅-၂၀၂၂  ရက်နေ့အထိ ခုနှစ်ရက်တိတိ အခမဲ့သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)