သိန္နီမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မြန်မာ့သိုင်းအခြေခံအားကစားသင်တန်းဖွင့်လှစ်

သိန္နီ မေ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် ဘက်စုံထူးချွန်း၍ ကာယဉာဏစွမ်းရည်များ တိုးတက်လာစေရန်၊ နိုင်ငံတော်အတွက် မျိုးဆက်သစ်အားကစားသမားများမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ နွေရာသီ မြန်မာ့သိုင်းအခြေခံအားကစားသင်တန်းကို ယနေ့နံနက် ၈ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာချိုက နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာသန်စွမ်းသော လူငယ်များ ဖြစ်လာစေရန်နှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာ့သိုင်းအားကစားသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် မြန်မာ့သိုင်း သင်တန်းနည်းပြဆရာ စိုင်းလှဟန်က မြန်မာ့သိုင်းကို လူငယ်များအနေဖြင့် ကိုယ်ခံပညာတစ်ရပ်အနေဖြင့် အမြဲတမ်းသင်ယူသင့်ပါကြောင်း၊ မြန်မာ့သိုင်းပညာ၏ အခြေခံကျင့်ဝတ်များကိုလည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်တန်းတွင်မြန်မာ့သိုင်းပညာ၏ အခြေခံပညာ(၆၂)ကွက်ကို သင်ကြားသွားမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် သင်တန်းတွင်စိတ်ပါဝင်စားစွာ လေ့လာသင်ယူရန် လိုအပ်ပါကြောင်း၊ မြန်မာ့သိုင်းပညာဖြင့် မိမိတို့၏ပတ်ဝန်းကျင်းကို ကျန်းမာပျော်ရွှင်အောင် တည်ဆောက်ရန် လိုအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

မြန်မာ့သိုင်းအခြေခံသင်တန်းကို မေလ ၂ ရက်နေ့မှ မေလ ၅ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။ အဆိုပါသင်တန်းသို့ စိတ်ပါဝင်စားသူ သင်တန်းသားသင်တန်းသူ (၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

စောဥမ္မာ (သိန္နီ)