ညောင်ဦးမြို့နယ် မြေအောက်ရေသွင်းစိုက်ပျိုးထားသည့် နွေပဲတီစိမ်းများဈေးကောင်းရရှိ

ညောင်ဦး  မေ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် မြေအောက်ရေ အသုံးပြုစိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ စတင်ဆွတ်ခူးရောင်းချ ချိန် ပဲတီစိမ်း တစ်တင်း ၄၂၀၀၀ ကျပ် ဈေးရောင်းချရခြင်းကြောင့် မြေအောက်ရေဖြင့် စိုက်ပျိုးထားသည့် နွေပဲတီ စိမ်းစိုက်တောင်သူများ အဆင်ပြေနေကြကြောင်းသိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ် အုပ်စုကျေးရွာများ၊ သစ်ထောင့်ကျွန်းအုပ်စုကျေးရွာများသည် မြေအောက်ရေသွင်းစိုက်ပျိုးခြင်းဖြင့် ဖေဖော်ဝါရီလမှစတင်ကာ နွေပဲတီစိမ်းများ စတင်ကြဲပက် စိုက်ပျိုးခဲ့ကြောင်း တစ်လခွဲခန့်အကြာတွင် နွေပဲတီစိမ်းစိုက်ခင်းများအဖူး၊အပွင့် စတင်ဖူးပွင့်ပြီး နှစ်လအကြာတွင် နွေပဲတီစိမ်းများ စတင်ဆွတ်ခူးရောင်းချကြကြောင်းသိရ သည်။ နွေပဲတီစိမ်း ဆွတ်ခူးချိန်တွင် တစ်ဧကစိုက်ခင်းတစ်ခင်း ပဲတီစိမ်းကောက်သမ တစ်ကြိမ် ဆွတ်ခူးဖို့ အယောက် ၂၀ လိုအပ်ကာ ပီတီစိမ်းကောက်သမတစ်ဦးလျှင် တနေကုန် ၃၀၀၀ကျပ် ပေးရကြောင်း ၊ပဲတီစိမ်း ဆွတ်ခူးပြီး တစ်ရက်လောက်နေလှန်းကာအစေ့ထုတ်ပီး ပခုက္ကူမြို့ရှိ ပွဲရုံများသို့သွားရောက်ရောင်းချ ကြကြောင်း လက်ပံခြေပေါ်အုပ်စု ရွာသစ်ကုန်းကျေးရွာ မြေအောက်ရေအသုံးပြုနွေပဲ တီစိမ်းစိုက် တောင်သူ ဦးနေဝင်းကရှင်းပြသည်။ နွေပဲတီစိမ်း တစ်တင်း ပိသာချိန် ၁၉ပိသာရှိကာ တစ်တင် ၄၂၀၀၀ကျပ်နှုန်းရောင်းချရခြင်းကြောင့် မနှစ်က ဈေးနှုန်းထက် ပိုရောင်းချရကာ တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ကြောင်းသိရပြီး နွေပဲတီစိမ်းစိုက်တောင်သူများ ဈေးကောင်းရရှိခြင်း ကြောင့် အဆင်ပြေနေကြကြောင်း ပဲတီစိမ်းစိုက်တောင်သူများထံမှ သိရသည်။

ကိုထိန်၊KPD