သံတွဲ မေ ၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ၂၀၂၂ခုနှစ်၊ မေလ(၁)ရက်နေ့တွင်ကျရောက်သည့် အလုပ်သမားနေ့အထိမ်းအမှတ် စာအုပ်ပြပွဲကို ယမန်နေ့ ညနေက ကျင်းပပြုလုပ်သည်။
အဆိုပါစာအုပ်ပြပွဲတွင် သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၊ ပြည်သူ့ စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်ပေါင်း ၃၀၀ ကျော်အားပြသထားရှိရာ ပြည်သူများက စိတ်ပါ ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာဖတ်ပရိတ်သတ်/စာပေဝါသနာရှင်များက စာအုပ်များကို ငှားရမ်းဖတ်ရှု လိုကြောင်းပြောကြားရာ စာကြည့်တိုက်မှူး ဒေါ်အေးအေးဝင်းက ပြည်သူ့စာကြည့်တိုက် အား အပတ်စဉ် အင်္ဂါနေ့မှ စနေ့ နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ လူတစ်ဦးလျှင် (၃)အုပ်နှုန်းဖြင့် တစ်ပတ်ကြာငှားရမ်းပေးလျက်ရှိပါကြောင်း၊ လူကြီးမင်းများ အားလပ်သည့်အချိန်တွင် စာငှားကတ်၊ အသင်းဝင်ကတ်များကို အခမဲ့ပြုလုပ်ပေးကာ စာအုပ်များ လာရောက်ပြီး ငှားရမ်းဖတ်ရှု နိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယခုကဲ့သို့ စာအုပ်ပြပွဲများပြုလုပ်ရခြင်းမှာ ပြည်သူများ စာကြည့်တိုက်နှင့် ချစ်ခင်ရင်းနှီးမှုရရှိပြီး စာအုပ်၊ စာပေများကိုဖတ်ရှု့လေ့လာသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွါးလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။
သန့်ဇင်(ခရိုင်ပြန်/ဆက်)