မလှိုင် မေ ၁
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ဧပြီ ၂၉ ရက် ည ၇ နာရီခွဲ မှ ၈နာရီ ၃၀ အချိန်ထိ မိုးရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ဝမ်းဘဲလူးကျေးရွာ အုပ်စု၊ သပြေပင် ကျေးရွာအုပ်စု၊ နှောကန် ကျေးရွာအုပ်စု၊ ဘောက်ခွေးတော ကျေးရွာအုပ်စုများမှ လူနေအိမ်များအမိုးလန်ပျက်စီးခဲ့ပြီး စာသင် ကျောင်းမျက်နှာကျက်များ ပြုတ်ကြခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခိုက်မှုနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေသွေး၊ ဒုတိယမြို့နယ်ဦးစီးမှူး ဦးဇင်ကိုလတ်၊ မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဒေါ်ဆုဝေမိုးတို့မှ မြေပြင်ကွင်း ဆင်းစစ်ဆေးခဲ့သည်။ လူနေအိမ်(၁၁)လုံး၏ သွပ်မိုး(၂၆၁)ချပ် အမိုးလန်ခဲ့ပြီး၊ ဒိုင်း၊ မြှားတန်းများ၊ အမက (ကူနီ) (၂’x၂’) မျက်နှာကျက်(၇၀)ချပ် ပျက်စီးဆုံးရှုံးခဲ့ပြီး တန်ဖိုးငွေကျပ်(၅၈၅၅၀၀၀) ဆုံးရှုံးခဲ့သည်။ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်းနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)