ကွမ်းခြံကုန်း စက်တင်ဘာ ၃
(၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ဒေသခံ ပြည်သူများ ဆန္ဒမဲပေးမည့်မဲရုံအဖြစ် အခြေခံပညာ စာသင်ကျောင်းများအား မဲရုံစည်းကမ်းချက်များနှင့် ညီညွတ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုကို ရန်ကုန် တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအဖွဲ့မှ ယမန် နေ့ နံနက်ပိုင်းမှစ၍ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုကို ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း ဦးဆောင်၍ မြို့နယ်ကော်မရှင်ခွဲ အဖွဲ့ဝင် များက ကော့ဒွန်းကျေးရွာ၊ ဒရယ်လူးကျေးရွာ၊ မယ်ရပ်ကုန်းကျေးရွာ၊ ကန့်မလာ ကျေးရွာများသို့ သွားရောက်၍ ကျေးရွာကော်မရှင်ခွဲအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မဲရုံအဖြစ်ထားရှိမည့် စာသင်ခန်း အကျယ်အဝန်း၊ မဲဆန္ဒရှင်အရေအတွက်၊ မဲပေးရာတွင် (Social Distancing)အရ တစ်ဦးနှင့်တစ်ဦး (၆)ပေ အကွာ မဲပေး နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ကိုဗစ်ထိန်းချုပ်ရေးကာလ ဖြစ်သဖြင့် မဲမပေးမီ လက်ဆေးနိုင်ရန် ကြိုတင်ဆောင်ရွက်ထားမှု၊ လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် သက်ကြီးပိုင်းနှင့် မသန်စွမ်းသူများ မဲပေးရန် လာရောက်ပါက အဆင်ပြေချောမွေ့စေရန် ပြင်ဆင်ထားရှိမှုတို့နှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ပြီး လိုအပ်ချက်များအား ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။
ကော့ဒွန်းကျေးရွာတွင် မဲရုံ(၃)ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၁၈၀)ဦး၊ ဒရယ်လူးကျေးရွာတွင် မဲရုံ(၃)ရုံနှင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ(၁၆၀၀)ဦး၊ မယ်ရပ်ကုန်းကျေးရွာတွင် မဲရုံ(၂)ရုံနှင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ (၅၆၀)ဦးနှင့် ကန့်မလာကျေးရွာတွင် မဲရုံ(၃)ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၀၅၀)ဦးခန့် ရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)