သန်လျင်မြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်

သန်လျင် မေ ၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့သည် ခရိုင်ရုံးစိုက်ရာမြို့ ဖြစ်သည်နှင့်အညီ သန်လျင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ခွင့်ပြုဘဏ္ဍာငွေများဖြင့် မြို့တွင်းလမ်းမကြီးများ အဆင့်မြှင့်တိုးချဲ့ခြင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ ပြုပြင်ခြင်း၊ အရိပ်ရနှင့် ပန်းအလှပင်များစိုက်ပျိုးခြင်း မြေယာရှုခင်းအလှ မြက်ခင်းများ စိုက်ပျိုးခြင်း၊ တိုးပွားလာသောလူဦးရေများကြောင့်နေ့စဉ် စွန့်ပစ်အမှိုက်များအား အမှိုက်သိမ်းယာဉ်များဖြင့် သိမ်းဆည်းဆောင်ရွက်ခြင်းများကို ဝန်ထမ်းများက နေ့ညကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။

ယမန်နေ့က သန်လျင်မြို့နယ် အောင်ချမ်းသာ ဖွံ့ဖြိုးရေးလမ်းမကြီးတလျှောက်ရှိ စွန့်ပစ်အမှိုက်ပုံများအား သန်လျင်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ဝန်ထမ်းများ၊ လူမှုရေးအင်အား အဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ကြရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ကြသည်။

သန်လျင်မြို့နေပြည်သူများအနေဖြင့် စနစ်တကျ သတ်မှတ်နေရာများတွင် အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်သိမ်းယာဉ်လမ်းကြောင်း တလျှောက်အမှိုက်စွန့်ပစ်ခြင်းနှင့် စည်းကမ်းမဲ့ ကွမ်းတံတွေး မထွေးကြရန် မြို့သန့်ရှင်းသာယာလှပရေးအတွက် ပူးပေါင်းကူညီပေးကြရန် မြို့နယ်စည်ပင် သာယာရေးအဖွဲ့က ပြည်သူများသို့ မေတ္တာရပ်ခံထားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)