သံတွဲ ဧပြီ ၃၀
(၉) နှစ်မြောက် ရခိုင်အမျိုးသားနေ့ အခမ်းအနားကို သံတွဲမြို့၌ ၂၀၂၂ ခုနှစ် မေလ ၁၅ ရက်နေ့ (ကဆုန်လပြည့် ကျော်-၁-ရက်နေ့) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို မေလ ၁၄ ရက် နှင့် ၁၅ ရက် နေ့များတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ (၁၈)နှစ်အောက် ဖူဆယ်ဘော်လုံးပြိုင်ပွဲ၊ ရခိုင်ရိုးရာ အစားအသောက်များ ရောင်းချပွဲ၊ ရခိုင်ဒေသထွက် ပစ္စည်းများကို ရောင်းချခြင်း၊ ရခိုင်စာအုပ် စာပေများအား ရောင်းချခြင်းများ အပြင် ရခိုင်စာပေပညာရှင်များ၊ ရခိုင်စီးပွားရေးသမားများကလည်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ခေါင်းစဉ်ဖြင့် လူမှုစီးပွားရေး၊ ရခိုင်စာပေယဉ်ကျေးမှု အကြောင်းအရာများကို ဟောပြောမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီ(သံတွဲ)မှ အတွင်းရေးမှူး ကိုသားကြီးမောင်မှ ပြောကြားသည်။
လူမျိုးတိုင်း လူမျိုးတိုင်းမှာ အမျိုးသားနေ့ကို အလေးထားပြီးကျင်းပကြတယ် ကျွန်တော်တို့မှာ က (၂၀၁၄)ခုနှစ် က ပဲစတင်ကျင်းပရတယ် ကျင်းပတဲ့အခါမှာလဲ အကြောင်းအမျိုးမျိုးကြောင့် လူကြီးလူကောင်းတွေပါဝင်ဖို့ တွန့်ဆုတ် ကြတယ် အခုတော့ ယခင်ကထက် လူတွေပိုမို စိတ်ဝင်စားလာကြပါပြီ ယခုထက်ပိုပြီး အလုပ်တွေလုပ်ဖို့ လိုပါသေးတယ် ဟု ပြောကြားခဲ့သည်။
ကဆုန်လပြည့်ကျော်(၁)ရက်နေ့အား ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ရခြင်း အကြောင်းရင်းမှာ မဟာသက္ကရာဇ် ၁၂၃ ခု BC (၅၅၄) ခုနှစ်၌ စန္ဒသူရိယမင်းကြီးက မြတ်ဗုဒ္ဓ ရခိုင်ပြည်နယ်မှ မဇ္ဈိမဒေသ အိန္ဒိယသို့ ပြန်မကြွမီ ဗုဒ္ဓကိုယ်စားတော် တစ်ဆူတည်ထား ကိုးကွယ်ဖို့ မြတ်ဗုဒ္ဓအား လျှောက်ထားခဲ့ရာ ခွင့်ပြုပေး တော်မူခဲ့သဖြင့် ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓကိုယ်စားတော် မဟာမြတ်မုနိ ဆင်းတုတော်မြတ်ကို သွန်းလုပ်ခဲ့ကြပြီး နောက်တစ်နေ့ ကဆုန်လပြည့်ကျော်(၁) ရက်နေ့တွင် ပြီးစီးခဲ့လေသည်။ ရခိုင်တို့ အဖို့ မင်္ဂလာရက်မြတ် အခါသမယဖြစ်၍ စန္ဒသူရိယမင်းကြီးနှင့်တကွ ရခိုင်ပြည်သူပြည်သားများ ဝမ်းသာပီတိ ဖြစ်ခဲ့ကြရသည်။
သို့ဖြစ်၍ ထိုနေ့ရက်အား ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ကြဖို့ ရခိုင်အမျိုးသား ညီလာခံ(ကျောက်ဖြူ)၌ တက်ရောက်လာကြသော အဖွဲ့အစည်း အသီးသီးမှ တစ်ခဲနက် ထောက်ခံမဲပေးခဲ့ကြသည့်အတွက် အဆိုပါနေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ကြသည်။
သံတွဲမြို့တွင် ရခိုင်အမျိုးသားနေ့ ကျင်းပသည့် ရည်ရွယ်ချက်ကတော့ လက်ရှိ အခြေအနေများအရ မိမိတို့အချင်းချင်း စည်းလုံးညီညွှတ်မှုကို ယခင်ကထက်ပိုမိုခိုင်မြဲအောင် တိုးတက်အောင် ပြုလုပ်လိုသည့် အတွက်ဖြစ်ကြောင်း ရခိုင်အမျိုးသားနေ့ဖြစ်မြောက်ရေး ကော်မတီ(သံတွဲ)မှ အတွင်းရေးမှူး ကိုသားကြီးမောင်မှ ပြောကြားသည်။
စန္ဒာကြည်(ခရိုင်ပြန်/ဆက်)