ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ကျောက်ဆည် ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၉ နာရီက ကျောင်းသား/ကျောင်းသူများ နွေရာသီ အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချ နိုင်ရေး ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကဗျာရွတ်ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများ အနေဖြင့် ပြင်ပစာပေများ ဖတ်ရှုခြင်းဖြင့် အသိအမြင် အတွေးအခေါ်များ ပိုမိုရရှိစေရေး၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့် စိတ်များဖြစ်ပေါ်လာပြီး ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် လူငယ်များ ဖြစ်လာစေရေးနှင့် အကျိုးရှိသည့် စာပေများ ပိုမိုလေ့လာဖတ်ရှုရေး ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ပြင်ပစာပေဖတ်ရှုမှုများ လာသည့်နှင့်အမျှ အတွေးအခေါ်များ မြင့်မားလာပြီး ဗဟုသုတပိုမိုကြွယ်ဝလာကာ ထူးချွန်သူများ ဖြစ်လာမှာဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး ကဗျာရွတ်ပြိုင်ပွဲကျင်းပရာ ကျောင်းသား/ကျောင်းသူ(၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြောင်းနှင့်  ပြိုင်ပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများမှ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင်