ကျောင်းဖွင့်ရာသီတွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားရေး ပညာပေးဟောပြော

မိုင်းယောင်း ဧပြီ ၃၀

ကျောင်းဖွင့်ရာသီတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားရေးအတွက် အသိပညာပေးဟောပြောပွဲကို ဧပြီ ၂၉ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပညာရေးမှူးရုံး၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းက ကလေးများ၏ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုများနှင့် ဂရုပြုရမည့်အချက်များအကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ဟောပြောဆွေးနွေးသည်။

ထို့နောက် မြို့နယ်ကျန်းမာရေးမှူး ဦးမြတ်စိုးအောင်က မိုးရာသီတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ယင်များနှင့် ပိုးလောက်လန်း နှိမ်နင်းခြင်းအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နန်းမြမြဝင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်းများကို ဆက်လက်လိုက်နာခြင်းဖြင့် ကျန်းမာရေးအတွက်များစွာ အထောက် အကူပြု အကျိုးကျေးဇူးများခံစားရရှိကြောင်း သိကောင်းစရာများကို အသီးသီး ဟောပြော ဆွေးနွေးကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း