မဲစာရင်းမှန်ကန်မှုရှိစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှုအား e-ID စနစ်ဖြင့် Data ဖြည့်သွင်းဆောင်ရွက်

သံတွဲ ဧပြီ ၃၀

အခြေခံမဲဆန္ဒရှင်စာရင်းများပြုစုရာတွင် အချက်အလက်များပြည့်စုံမှန်ကန်စေရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးများရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ မှတ်ပုံတင်စာအုပ် နိုင်(၄)ပါနိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် အချက်အလက်များအား တိကျမှန်ကန်မှုရှိစေရန် e-ID စနစ်ဖြင့် Server အတွင်း သိမ်းဆည်းခြင်းလုပ်ငန်းကို e-ID Software အသုံးပြု၍ စိစစ်ပြင်ဆင်ခြင်း၊ စာရင်းရေးသွင်းခြင်းများအား မြို့နယ်အသီးသီးတွင်  ဇွန်လကုန်အထိ ရက်ပေါင်း(၆၀)အတွင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းသိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံတွဲမြို့နယ်ဦးစီးမှူးရုံးသည် အဆိုပါလုပ်ငန်းကို သံတွဲမြို့အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ကွန်ပျူတာခန်းမ၌ ဆောင်ရွက်လျက်ရှိပြီး နိုင်-၄ မှတ်တမ်းအချက်အလက်များအား Excel Format ဖြင့် စိစစ်ပြင်ဆင်ခြင်း၊ စာရင်းရေးသွင်းခြင်းလုပ်ငန်းအား ကွန်ပျူတာ(၁၂)လုံး၊ အရန်(၃)လုံးတို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး Excel Format ဖြင့် ရိုက်သွင်းပြီးသော အချက်အလက်များအား e-ID Program Server အတွင်းသို့ VPN Passcode နှင့် User Passcode ပေးအပ်တာဝန်ပေးထားသည့် e-ID ဝန်ထမ်းများက e-ID ကွန်ယက်စနစ် ထည့်သွင်းထားသည့် ကွန်ပျူတာ(၂)လုံးဖြင့် ဆောင်ရွက်လျက်ရှိသည်။     

အထက်ပါလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း စနစ်တကျစာရင်းရေးသွင်းနိုင်ရေးအတွက် မြို့နယ်ကြီးကြပ်အဖွဲ့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဥက္ကဋ္ဌ၊ မြို့နယ်လဝကဦးစီးမှူးက အတွင်းရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)၊ မြို့နယ်ရဲတပ်မှူး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရည်သန့်ထံမှ သိရှိရသည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)