မချမ်းဘော့မြို့၌ အခြေခံရှေးဦး သူနာပြုစုနည်းသင်တန်းဖွင့်လှစ်

မချမ်းဘော့ ဧပြီ ၂၉

ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ကြက်ခြေနီလှုပ်ရှားမှုနှင့် အခြေခံရှေးဦးသူနာပြုစုနည်း အတတ်ပညာကို လေ့လာတတ်မြောက်နိုင်စေရန် ရည်ရွယ်၍ အခြေခံရှေးဦး သူနာပြုစုနည်းသင်တန်းကို မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လည် ၁၁ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မချမ်းဘော့မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မချမ်းဘော့မြို့နယ် ကြက်ခြေနီအသင်းခွဲ ဆရာဦးနောထန်(တပ်ခွဲမှူး)မှ ကြက်ခြေနီအသင်း၏ ဆောင်ရွက်သည့် မူ(၇)ချက်၊ အသင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ အသင်း၏ မျှော်မှန်းချက်နှင့် အသင်း၏လုပ်ဆောင်ချက်များနှင့် ကြက်ခြေနီအသင်း ဖွဲ့စည်းခဲ့သည့် သမိုင်းအကြောင်းကို အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခြေခံ ရှေးဦးသူနာပြုစုနည်း သင်တန်းသည် မချမ်းဘော့မြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ဖွင့်လှစ်ရခြင်းဖြစ်ကာ မချမ်းဘော့မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၁၉)ဦး တက်ရောက်ပြီး မချမ်းဘော့မြို့နယ် ကြက်ခြေနီအသင်းခွဲမှ သင်တန်းနည်းပြဆရာ ဦးနောထန်(တပ်ခွဲမှူး) ဦးဖုန်ဆန်းအောင်တို့က အခြေခံရှေးဦးသူနာပြုစုနည်းဆိုင်ရာ ပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဧပြီလ ၂၈ ရက်နေ့မှ ဧပြီလ ၃၀ ရက်အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)