မိုင်းယန်းမြို့နယ်တွင် ကြက်ခြေနီ အသင်းဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းနှင့် Covid-19 ကာကွယ် ထိန်းချုပ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်

 

မိုင်းယန်း  စက်တင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင်   ကိုဗစ်-၁၉ ကူးစက် ရောဂါကာလအတွင်း တာဝန်ထမ်းဆောင်‌ခဲ့သော ကြက်‌‌ခြေနီ အသင်းဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းနှင့် မြို့နယ်ကြက်ခြေနီ အသင်းအား Covid-19  ကာကွယ် ထိန်းချုပ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ​ယမန်နေ့ မွန်းလွဲ (၁) နာရီကမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌  ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် ရှေးဦးစွာ မိုင်းယန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်က အဖွင့်အမှာစကား‌​ပြောကြားရာတွင် ​ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေးကာလတွင် မြို့နယ်တွင်း ကူးစက်ပြန့်ပွားမှု မရှိစေ‌ရေး ကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများကို မြို့နယ်အဆင့်ဌာန ဆိုင်ရာများက ပူးပေါင်း၍ ဆောင် ရွက်လျက် ရှိ‌ပါကြောင်း  ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့် နှင့်  ပြည်နယ် ကြက်ခြေနီ တပ်ဖွဲ့မှူးဦးဝင်းမြတ်တို့က ကြက်ခြေနီ အသင်းအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ရခြင်းရည်ရွယ်ချက်နှင့် နယ်စပ် ဒေသတစ်ခုဖြစ်သော မိုင်းယန်းမြို့ အနေဖြင့် နယ်စပ်မှ မိမိမြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာမည့် ပြစ်ဒဏ်လွတ် မြန်မာနိုင်ငံ သား များအတွက် တစ်ကိုယ်ရေ သုံးပစ္စည်းများဖြစ်သော စောင်၊ခြင်ထောင်နှင့်အမျိုးသား တစ်ကိုယ်ရေ သုံးပစ္စည်း၊ အမျိုးသမီး တစ်ကိုယ်‌ရေသုံး ပစ္စည်းအစရှိသည်တို့ကို ဆက် လက်ထောက် ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Covid-19 ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများကို ထောက်ပံ့‌ပေးအပ်ရာ မိုင်းယန်းမြို့နယ် ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဦးဉာဏ်သိန်းကလည်းကောင်း၊ မြို့နယ်ကြက်ခြေနီ စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြု မှတ်တမ်းလွှာများ​ကိုပေးအပ်ရာ အသင်းဝင် များကလည်း​ကောင်း လက်ခံရယူခဲ့​ကြသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ ပြည်နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး၊မြို့နယ်အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာန မြိို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး(ပြန်/ဆက်)