မှော်ဘီ စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချနေမှု အား ယမန်နေ့ နေ့လယ်ပိုင်းက စတင်ကာ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိကို မြို့နယ် တာဝန်ရှိသူများက ပူးပေါင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ဆိုင်ထိုင်ရောင်းချလိုသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် စားပွဲဝိုင်းများ အကြားတွင် အကာအရံများ ထားရှိရေး၊ လက်ဆေးဘေစင်များ၊ Hand Gel များ ထားရှိပေးရေး၊ ရောင်းချသူများ အနေဖြင့် Mask များ၊ Face Shield များ တပ်ဆင်ပြီးမှ ရောင်းချမှုရှိစေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးသတိပေးနှိုးဆော်ချက် ပိုစတာများ၊ ဆိုင်းဘုတ်များ ကပ်ထား မှုရှိစေရေးတို့ကို စစ်ဆေး ဆောင်ရွက်ခဲ့ပြီး အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ တို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ(ပြန်/ဆက်)