တာမွေ ဧပြီ ၂၉
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးအတွင်း သန့်ရှင်းသပ်ရပ်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က စျေးတာဝန်ခံ ဦးသူရဝင်း၏ ဦးဆောင်မှုဖြင့် စျေးရှိစည်ပင်သာယာ ဝန်ထမ်းများနှင့် စျေးသူ/စျေးသား ပူးပေါင်း၍ အဆိုပါ တာမွေယာယီစျေးအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ် ဆောင်ရွက်ခြင်း၊ စျေးအတွင်း လူအသွားအလာများသည့် နေရာများမှ အညစ်အကြေးများနှင့် စွန့်ပစ်အမှိုက်များအား ဖယ်ရှားရှင်းလင်းခြင်း၊ စျေးအတွင်းရှိ ရေဝပ်နေသော ချိုင့်ခွက်နေရာများအား သဲအိတ်များဖြင့် မြေဖို့ပေးခြင်းနှင့် စျေးအတွင်းရှိ ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနှုတ်မြောင်းများအတွင်း ပိတ်ဆို့နေသော နှုန်းနှင့်အမှိုက်များကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ပေးနေမှုအပေါ် အဆိုပါစျေးတွင် စျေးရောင်းချနေသူ တစ်ဦးကလည်း "ယခုလို စျေးမှ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ စျေးကြီးအတွင်း သန့်ရှင်းသပ်ရပ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ပေးတာတို့၊ စျေးအတွင်း ရေစီးဆင်းမှုမရှိတဲ့ ရေမြောင်းတွေအတွင်းမှ နှုန်းနှင့်အမှိုက်သရိုက်တွေ ဖယ်ရှား ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးတာဟာ ကျွန်တော်တို့ စျေးသူ/စျေးသားများအတွက် သာမက စျေးသို့ စျေးဝယ် လာရောက်ကြသူတွေအတွက်လည်း များစွာအကျိုးရှိပါတယ်။ နောက်ပြီး ဒီစျေးက တာမွေမြို့နယ်ရဲ့ အဓိက လူစည်ကားတဲ့ စျေးတစ်ခုဖြစ်သလို စျေးလာရောက်ဝယ်ယူသူတွေအနေနဲ့လည်း မိမိတို့ လိုအပ်တဲ့လူသုံးကုန်ပစ္စည်း တွေနဲ့ စားသောက်ကုန်တွေကို တစ်နေရာထဲမှာ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်တဲ့ စျေးလည်းဖြစ်ပါတယ်။ ယခင်က ဒီစျေးမှာရှိတဲ့ ရေနှုတ်မြောင်းတွေဟာ ရေစီးဆင်းမှုမရှိခဲ့တဲ့အတွက် မိုးသည်းထန်စွာ ရွာသွန်းချိန်များတွင် စျေးဆိုင်ခန်း များအတွင်း မိုးရေများ ဝပ်နေတဲ့အတွက် ကျွန်တော်တို့ စျေးရောင်းချသူတွေအနေနဲ့လည်း အမြဲတမ်း ရေခပ်ထုတ်ရတဲ့ ပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။ ယခုလို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ရေနှုတ်မြောင်းများအတွင်းရှိ နှုန်းနှင့်အမှိုက်တွေကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးတဲ့အတွက် ယခင်ကလို ဆိုင်ခန်းတွေအတွင်း ရေဝင်ရောက်သည့် ပြဿနာမှ ကင်းဝေးသွားစေနိုင်မှာဖြစ်တဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ် ” ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် စည်ပင်သာယာစျေး(၇)စျေးရှိပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီ အနေဖြင့် မြို့နယ်အတွင်းရှိ စျေးများတွင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသလို မြို့နယ်အတွင်းရှိ စျေးများ သန့်ရှင်း သပ်ရပ်စေရေး အတွက်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်