သီပေါမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

သီပေါ ဧပြီ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အစည်းအဝေးကို တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်း လိုအပ်ချက်များကို ကဏ္ဍအလိုက် အသီးသီးပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ကြရန်နှင့်  ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးဌာနမှ လည်းကောင်း၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း မြို့နယ်အင်ဂျင်နီယာရုံးမှလည်းကောင်း၊ မီးသတ်ဦးစီးဌာနမှလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှလည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှလည်းကောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှလည်းကောင်း ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီး အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်လလျှင်(၁)ကြိမ် ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး အစည်းအဝေးသို့ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)