တောင်ကြီး ဧပြီ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မေလ(၅)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၁၀ နာရီက အမှတ် (၂)၊ စစ်မြေပြင် ဆေးတပ်ရင်းတွင် စုပေါင်းသွေးလှူဒါန်းကြသည်။
ထိုသို့ စုပေါင်းသွေးလှူဒါန်းနေမှုကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးအောင်ဝင်းစိန်၊ ရှမ်းပြည်နယ်၊ ဒုတိယရဲတပ်ဖွဲ့မှူး၊ ပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင် မီးသတ်ဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်မီးသတ်မီးသတ်တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင် (၂၀) ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများက စုပေါင်းသွေးလှူဒါန်းကြသော မီးတပ်ဖွဲ့ဝင်များနှင့် အမှတ် (၂)၊ စစ်မြေပြင်ဆေးတပ်ရင်းတွင် ဆေးကုသမှုခံယူလျက်ရှိကြသော ပြည်သူများ၊ တပ်မတော်အရာရှိများ၊ တပ်မတော်စစ်သည်များအား အဟာရဖြစ်စေမည့် ကြက်ဥ၊ အချိုရည်၊ ထောက်ပံ့ပစ္စည်းများ၊ အမှတ် (၂)၊ စစ်မြေပြင်ဆေးတပ်ရင်းအတွက် အရက်ပြန်များထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း