ပင်းတယမြို့နယ်၌ ဒေသထွက် ငရုပ်ပွသီးနှံများစိုက်ပျိုး အောင်မြင်ဖြစ်ထွန်း

ပင်းတယ ဧပြီ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အနီးအနားရှိ ကျေးရွာများတွင် ဒေသထွက်သီးနှံများအား ရာသီအလိုက် စိုက်ပျိုးထားရှိရာ လစဉ်ပုံမှန်ဝင်ငွေ ရရှိပြီး မိသားစုစီးပွားရေး၊ လူမှု့ရေးအဆင်ပြေကာ၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလျက် ရှိကြောင်း သိရသည်။

ပင်းတယမြို့နယ်အနီးကျေးရွာများဖြစ်သည့် သပြေကုန်း၊ ရှောက်ချို၊ လေထိုးကုန်း၊ ပြင်သာ၊ ထိုးပုံ၊ ရွှေပုထိုး၊ အုံအက်၊ နောင်သခေါ၊ ရေဖြူ၊ ဇော်ဂျီစသည့်၊ ကျေးရွာများတွင် ငရုပ်ပွစိုက်ခင်းများဧက အများအပြား စိုက်ပျိုးထားရှိသည်ကို တွေ့ရသည်။

ငရုပ်ပွစိုက်ပျိုးရာတွင် မြေ၏ပကတိအစိုဓာတ်အတိုင်း စိုက်ပျိုးလေ့ရှိကြသော်လည်း မြေပြင် ခြောက်သွေ့သည့် နွေရာသီတွင်  မြေအစိုဓာတ် လျှော့နည်းသွားခြင်းမရှိစေရန်အတွက် ရေသွင်း စနစ်ဖြင့်စိုက်ပျိုးကြသည်။ ပေါင်းပင်၊ မြက်ပင်များပေါက်ရောက်ခြင်း၊ ပိုးမွှားအန္တရာယ် ကျရောက်ခြင်းမှ ကာကွယ်ရန်နှင့် သဘာဝအတိုင်း မြေကြီးအစိုဓာတ်အမြဲရရှိရန်၊ စိုက်ခင်း ဘောင်များတွင် ပလက်စတစ်အကြည်စများ၌ ရေပိုက်မြှပ်၊ ရေသွင်းရယူပြီး၊ ပျိုးပင်ပေါက်အတွက် ဖောက်ထားသည့်နေရာမှ ပျိုးပင်များချရကြောင်း၊ ပျိုးစေ့တစ်ထုတ်အား ငွေကျပ် ၂၀၀၀ဖြင့် ဝယ်ယူ ပျိုးရကြောင်း၊ သင်္ကြန်ဦးကာလက ပွဲရုံသို့ ဖောက်သည်သွင်းစျေး  ငရုပ်ပွ တစ်ပိသာလျှင် ( ၄၀၀၀ ) ကျပ် ထိစျေးနှုန်းမြင့်တက်ခဲ့ပြီးရောင်းအားကောင်းခဲ့ကြောင်း၊ ယခုရက်ပိုင်းတွင် တစ်ပိသာလျှင် ငွေကျပ် (၁၅၀၀)ဝန်းကျင်ခန့်သာရရှိကြောင်းတို့အား ငရုပ်ပွအများအပြားစိုက်ပျိုးသည့် ပင်းတယ မြို့နယ်၊ ရှောက်ချိုကျေးရွာမှဒေါ်မာမာ၏ ပြောပြချက်အရသိရသည်။

ငရုပ်ပွများ စိုက်ပျိုးရာတွင်ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များအား စိုက်ပျိုးရေးဦး စီးဌာနမှနည်း ပညာစနစ်ကောင်းများရယူ၍ စိုက်ပျိုးကြပြီး၊ ငရုပ်တွင် ပင်ညိုးရောဂါ၊ သီးထိုးယင်ကျ တဲ့ရောဂါများ  ကူးစက်မှုမြန်သည့်အတွက်  ငရုပ်စိုက်ခင်း မြေကြီးပြုပြင်ရာတွင် ဂရုပြုလုပ်ဆောင်ရ ကြောင်းနှင့် ပင်းတယမြို့မှတဆင့်၊ အောင်ပန်း၊ တောင်ကြီး၊မန္တလေး၊ ရန်ကုန်စသည့် မြို့ကြီးများရှိ ကုန်စိမ်းပွဲရုံများသို့ ဖောက်သည်တင်ပို့ ရောင်းချလျက်ရှိပြီး၊ သီးနှံစိုက်တောင်သူများအနေဖြင့် မိသားစု၊ စား၊ဝတ်၊ နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အေးအေးလတ်