ညောင်ဦး ဧပြီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးအဆောက်အဦများနှင့် အလုပ်ရုံများတွင်မီးဘေး ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိကို၊ ယနေ့နံနက်(၉)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးကျော်မင်းသူနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်း မီးလောင်မှု မဖြစ်ပွားစေရေးအတွက်၊ စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍ အစိုးရဌာနပိုင် အဆောင်အဦများအား ဦးစားပေး(၁)အဖြစ်လည်းကောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများ၊ ဈေးများ၊ ဟိုတယ်/မိုတယ်များနှင့် မီးဘေးစိုးရိမ်ရသော နေရာများအား ဦးစား ပေး(၂)အဖြစ်လည်းကောင်း၊ လူနေရပ်ကွက်များရှိ နေအိမ်များအား ဦးစားပေး(၃) အဖြစ်လည်း ကောင်း၊ သတ်မှတ်၍ မီးဘေးလုံးခြုံရေးဆိုင်ရာ စစ်ဆေးအကြံပြုချက်များအား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သက်ဆိုင် ရာ ဌာန/အဖွဲ့အစည်းများ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ ဦးကျော်မင်းသူက ပြောပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မီးသတ်ဆေးဗူးထားရှိခြင်းရှိ/မရှိ၊ မီးသတ်ဆေးဗူးများ အသုံးပြု၍ ရ/မရနှင့် သက်တမ်းလွန်ခြင်း ရှိ/မရှိ၊ မီးဘေးလုံခြုံရေးစနစ် ရှိ/မရှိ၊ မီးချိတ်၊ မီးကတ်၊ သဲ၊ ရေပုံး၊ လှေကားနှင့်အခြား မီးငြှိမ်းသတ်ရာတွင် အသုံးပြုနိုင်မည့်ပစ္စည်းများ အလွယ်တကူရယူ အသုံးပြုနိုင်ရန် ထားရှိခြင်း ရှိ/မရှိတို့ကို မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်စီမံထားရှိမှုအတိုင်း အပတ်စဉ်လှည့်လည် စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုထိန်၊KPD