ကျောက်ဆည် ဧပြီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ယနေ့နံနက်(၉)နာရီက ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်အေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး စက်သုံးဆီအရောင်းဆိုင်များအား အသိပညာပေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားသည့် မီးသတ်ဆေးဗူးများ၊ မီးချိတ်၊ မီးကပ်များ၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ရေကန်တွင် ရေသိုလှောင် ထားရှိမှု များ၊ မီးသတ်ရေငုတ်များ၊ မီးလှန့်အချက်ပေးကိရိယာများအား စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မီးသတ်တပ်ဖွဲဝင်များက ဇော်နှင့်ကျော်၊ ကေသီဦး၊ လှဆန်းယာဉ်၊ ထွန်း စက်သုံးဆီအရောင်းဆိုင်များမှ ဝန်ထမ်းများအား မီးသတ်ဆေးဗူးများ ကိုင်တွယ်အသုံးပြုရာတွင် စနစ်တကျနည်းမှန်လမ်းမှန် ကိုင်တွယ်အသုံးပြုနိုင်ရေးနှင့် အပူချိန်များသည့်အခါ ရေဖျန်းခြင်း များနှင့်ပတ်ဝန်ကျင်အား အမြဲသန့်ရှင်းစွာ ဆောင်ရွက်ထားရှိရေး စသည့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အကြောင်း၊ မီးလောင်မှုဖြစ်ပွားခဲ့ပါက အရေးပေါ်မီးငြှိမ်းသတ်ပစ္စည်းကိရိယာများ အသုံးပြု၍ မီးငြှိမ်းသတ်နည်းများဖြင့် မီးလောင်မှု ကြီးမားကျယ်ပြန့်မှုမရှိစေရေး ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်တွေ့ မီးငြှိမ်းသတ် သရုပ် ပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သက်မောင်