ရပ်စောက်မြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ

ရပ်စောက် ဧပြီ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို အပြန်အလှန်ဆွေးနွေး ဖလှယ်တတ်စေရန် ရည်ရွယ်၍ စာရေးဆရာဖေမြင့်ရေးသားထားသည့်  “တန်ဖိုးထားအပ်သောအရာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ရှေးဦးစွာ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစိုင်းမြတ်ကျော်စိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ရပ်စောက်မူလတန်းကြိုကျောင်းမှ ဆရာမဒေါ်ကေခိုင်စိုးက စာရေးဆရာဖေမြင့်ရေးသားသည့် “တန်ဖိုးထားအပ်သောအရာများ” စာအုပ်ထဲမှ “တန်ဖိုးထားအပ်သောအရာများ”ခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ စာကြည့်တိုက်မှူးဒေါ်စုစုလှိုင်က “နေတတ်တဲ့လူ” ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ ဆရာမဒေါ်မိုးသူဇာအောင်က “တစ်ခါတစ်ရံ အရှိကိုအရှိအတိုင်း”‌ ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း  အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ရပ်စောက်မူလတန်းကြိုကျောင်းမှ ဆရာမများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာဖတ်ဝိုင်းတွင်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် ၎င်းတို့၏ အမြင်များနှင့် ၎င်းတို့ဖတ်ရှုဖူးသည့် စာအုပ်များထဲမှ အနှစ်သက်ဆုံးစာအုပ်ပါအကြောင်းအရာများကို ပြန်လည်မျှဝေ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)