သီပေါမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ကွင်းဆင်းတိုက်ဆိုင်စိစစ်ခြင်းများ ဆက်လက် ဆောင်ရွက်

သီပေါ  စက်တင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရန် တိုက်ဆိုင် စိစစ်စစ်ဆေးခြင်းကို ယနေ့နံနနက်ပိုင်းကရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များနှင့် တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေး ခဲ့ကြသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းတိုက်ဆိုင်စစ်ဆေးရာတွင် မဲစာရင်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်များ ဖြစ်သည့်ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများမှ ကော်မရှင်အဖွဲခွဲဝင်များနှင့် အုပ်ချုပ် ရေးမှူးများ၊ စာရေးဝန်ထမ်းများ ပူးပေါင်း၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် မဲဆန္ဒရှင်ပြည်သူများ အခြားဒေသသို့ ပြောင်းရွှေ့သွားခြင်း၊ အခြားဒေသမှ ပြောင်းရွှေ့ ဝင်ရောက်လာခြင်း၊ မဲစာရင်းကောက်ယူစဉ် စာရင်းပါဝင်မှုမရှိခြင်း၊ အသက်(၁၈)နှစ် ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေး သဖြင့် မဲစာရင်းကြေငြာစဉ် နိုင်ငံသားစိစစ်ရေးကတ်ပြား မပါရှိ သူများ စသည့်အချက်များကို တိုက်ဆိင်စစ်ဆေးခဲ့ကြောင်းသိရသည်။

သီပေါမြို့နယ်တွင် ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၇)အုပ်စု၊ စုစုပေါင်း(၇၈)နေရာသို့ တာဝန်ရှိသူ အသီးသီးက​ သက်ဆိုင်ရာ တာဝန်ကျ ရပ်ကွက်၊​​ကျေးရွာအလိုက် တစ်အိမ်တက်ဆင်း ဆက်လက်ကွင်းဆင်း စစ်ဆေး လျက်ရှိ​ကြောင်း သိရသည်။

ခင်လေး(ပြန်/ဆက်၊သီပေါ)