လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် Mask တပ်ဆင် သွားလာရေး အသိပညာပေးဆောင်ရွက်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နေ့လယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးဗိုလ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းအောင်၊ စည်ပင် EO ဦးသိန်းလွင်၊ စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်(၂)ဦးဇော်အောင်၊ မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲဝင်များ၊ ဒေါ်ခင်မာဝင်း ဦးဆောင်သော လူမှုပရဟိတ အဖွဲ့များ၊ ဆရာတော် ဦးကေသရဦးဆောင်သော ပရဟိအဖွဲ့များ၊ ဦးဇေကိုကို ခေါင်းဆောင်သော ပရဟိအဖွဲ့များ ပူးပေါင်း၍ လှိုင်သာယာမြို့နယ်အတွင်းရှိ လူစည်ကားရာ မီးခွက်ဈေးနှင့် ကားမှတ် တိုင်များတွင် ဆောင်ရွက်သည်။
အဆိုပါဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် အများပြည်သူများအား Mask များ တပ်ဆင် သွားလာကြရန် အသိပညာပေးပိုစတာများ ပြသခြင်း၊ အသံချဲ့စက်များဖြင့် အသိပေးနှိုးဆော်ခြင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း တစ်ဦးနှင့်တစ်ဦး ခြောက်ပေ အကွာနေထိုင်ကြရန်၊ လက်များကို မကြာခဏ စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောရန်၊ မဖြစ်မနေ အပြင်သွားလာရန် လိုအပ်ပါက မိသားစုအတွင်း တစ်ဦးတစ်ယောက်တည်းသွားလာကြရန် အစရှိသည့် အကြောင်း အရာများကို အသိပညာပေးဆောင်ရွက်ပြီး လှိုင်သာယာမြို့နယ်အတွင်း သွားလာလျက်ရှိသော အများပြည်သူများ အား Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)