မင်္ဂလာဒုံ ဧပြီ ၂၈
ပြည်သူ့စာကြည့်တိုက်တွင် စာပေဖတ်ရှုလေ့လာသူ များပြားလာစေရန်၊ စာပေကိုဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ တိုးတက်လာ စေရန်၊ အသင်းအဖွဲ့နှင့် ဝိုင်းဝန်းဆွေးနွေး ပြောဆိုတတ်သည့် အလေ့အထများရှိလာစေရန်၊ စာဖတ်ခြင်းဖြင့် လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုမြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လစဉ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များဖြင့် လည်းကောင်း၊ စာဖတ် ပရိတ်သတ် ကျောင်းသား/ ကျောင်းသူများဖြင့်လည်းကောင်း၊ ပြည်သူ့စာကြည့်တိုက်ဝန်ထမ်းများ စုပေါင်း၍လည်းကောင်း စာဖတ်ဝိုင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ဝန်ထမ်းများစုပေါင်း စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ဆုလှိုင်နှင့် ဝန်ထမ်းများက ဘဏ္ဍာရေး စည်းမျဉ်းများ၊ အသုံးစရိတ်များကျခံသုံးစွဲခြင်းနှင့် စပ်လျဉ်းသည့် စည်းကမ်းချက်များ၊ လစာနှင့်စရိတ် (Pay and Allowance) အခြေခံမူများ၊ နောက်ဆုံးထုတ် လစာလက်မှတ် (Last Pay Certificate) အကြောင်းတို့ကို အပြန်အလှန်ဖတ်ရှု ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။
မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်းများအပြင် ပြပွဲပြိုင်ပွဲများ၊ အားကစားပွဲများ၊ ဟောပြောပွဲနှင့် ဆွေးနွေးပွဲအစည်းအဝေးများလည်း ဆောင်ရွက်လျက်ရှိပြီး Online ဝန်ဆောင်မှုအနေဖြင့် မင်္ဂလာဒုံမြို့နယ် ပြည်သူ့ စာကြည့်တိုက် Page တွင် စာအုပ်စာပေမိတ်ဆက်၊ ပုံပြင်ပြောအစီအစဉ်၊ ကျောင်သား/ကျောင်းသူများ ကဗျာရွတ်ခြင်းနှင့် မှတ်သားဖွယ်ရာ သတင်းဆောင်းပါးများကို ရေးသားထုတ်လွှင့်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးထံမှ သိရသည်။
ဆုလှိုင်(မင်္ဂလာဒုံ)