ဟိုပန်၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် " မီးဘေးလုံခြုံရေး" အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ဟိုပန် ဧပြီ ၂၈

၂၀၂၂ ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ "ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင်  "မီးဘေးလုံခြုံရေး" အသိပညာပေး လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက ဟိုပန်မြို့လယ်လမ်းဆုံအဝိုင်းနှင့် စည်ပင်သာယာမြို့မစျေးနေရာများ၌ အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ကမ်းစာစောင်တွင် မီးလောင်မှုဖြစ်ပွားပါက အလွယ်တကူဆက်သွယ်နိုင်သော ဖုန်းနံပါတ်များ၊ မီးသတ်ယာဉ်များ အမြန်ဆုံးလာရောက်ငြိမ်းသတ်နိုင်ရေးအတွက် မိဘပြည်သူများက ပူးပေါင်းကူညီဆောင်ရွက်ပေးရမည့်အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများ၊ လျှပ်စစ်ဓာတ်အား၊ မီးဖိုများအသုံးပြုလျှင် လိုက်နာရမည့်အချက်များ၊ မိမိနေအိမ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် လိုက်နာရမည့်အချက်များနှင့် မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ်ကြုံတွေ့ရလျှင် လိုက်နာဆောင်ရွက်သွားရမည့်အချက်များ စသည်အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ဟိုပန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဇော်ထွန်း၊ မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးစိန်ခိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးနိုင်မျိုးဦးနှင့် ဝန်ထမ်းများပူးပေါင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)