ဆိပ်ကြီးခနောင်တို ဧပြီ ၂၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဆိပ်ကြီးခနောင်တို တံတား အဆင်းတွင် ယနေ့နံနက်ပိုင်းက စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့သည်။
ထိုသို့ သန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှကြီးကြပ်၍ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးခင်ဇော်အောင်တို့ ဦးဆောင်၍ သက်ဆိုင်ရာ တွဲဘက်ဌာန တာဝန်ခံများနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး ပရဟိတအဖွဲ့ များက မြို့နယ်အတွင်းရှိ ဆိပ်ကြီးခနောင်တို ကြိုးတံတား အဆင်း ချဉ်းကပ်လမ်း လမ်းဘေးဝဲ၊ ယာရှိ သစ်ပင်၊ ချုံနွယ်များ၊ မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းမပေါ်နှင့် လမ်းဘေးရှိ အမှိုက်များလှည်းခြင်း သိမ်းဆည်းခြင်းဖြင့် မြို့နယ် သန့်ရှင်းသာယာလှပရေး စုပေါင်း ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ အထူးသန့်ရှင်းရေးအား လာမည့် မေလ ၁ ရက်နေ့အထိ သတ်မှတ် ရပ်ကွက်အလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ဝေယံ(IPRD)