ကျောက်မဲမြို့ပေါ်ရှိ ဆေးဝါးရောင်းချနေသည့် အရောင်းဆိုင်များအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ကျောက်မဲ ဧပြီ ၂၈

ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးအရောင်းဆိုင်များအား  ယမန်နေ့ နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင်  ကျောက်မဲမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များ၌ Bella Plus Plaster များ ဆိုင်တင်ရောင်းချခြင်းရှိ/မရှိ ၊ရောင်းချနေသည့် ကုန်ပစ္စည်းများတွင်  သတ်မှတ်ကုန် အညွှန်းအမှတ်အသားများ ပါရှိမှု ရှိ/မရှိ အစရှိသည်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ဆိုင်ပိုင်ရှင်များအား Bella Plus Plaster အပါအဝင် တားမြစ်ကုန်ပစ္စည်း/ဆေးဝါးများ၊ သက်တန်းလွန်ပစ္စည်း/ဆေးဝါးများ၊ မှတ်ပုံတင်ခြင်း မပြုရသေးသည့် ဆေးဝါးများ ရောင်းချခြင်း မပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ  Bella Plus Plaster  သည် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊  တင်သွင်း သည့် ကုမ္ပဏီ၊  ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Inport Registration No.(IR)များ ဖေါ်ပြထားခြင်းမရှိသောကြောင့်  အဆိုပါဆေးဝါးကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုရန် ဆေးဝါး အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး၍ အသိပေး/သတိပေးရခြင်းဖြစ်ကြောင်း၊ ကျောက်မဲမြို့ပေါ်တွင် Bella Plus Plaster ကို ဆိုင်တင်ရောင်းချခြင်းမရှိပါ‌ကြောင်း ‌ကျောက်မဲခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 

စားသုံးသူပြည်သူများအနေဖြင့် စားသောက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများ ဝယ်ယူစား သောက် သုံးစွဲရာတွင်  အန္တရာယ်ကင်းစေရေးအတွက် ရည်ရွယ်၍ ကျောက်မဲခရိုင်  စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် အခြားဆက်စပ်ဌာနများနှင့် ပူးပေါင်း၍    ကျောက်မဲ မြို့နယ်ရှိ ကုန်စုံဆိုင်များ၊ မုန့်တိုက်များ၊ သောက်ရေသန့်စက်ရုံများ၊ မုန့်၊ ခေါက်ဆွဲ ထုတ်လုပ်သည့် လုပ်ငန်းများ၊ စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်းဆိုင်များ၊ အလှကုန်ပစ္စည်း အရောင်းဆိုင်များနှင့် တိုင်းရင်းဆေးအရောင်းဆိုင်များကို လစဉ်ပုံမှန် စစ်ဆေးလျက်ရှိကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရသိရသည်။

မိုင်းထွန်း(ပြန်/ဆက်)