သီပေါမြို့  သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် မျက်စိအခမဲ့ စမ်းသပ်ခွဲစိတ် ကုသပေးနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

သီပေါ ဧပြီ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီး တွင် မျက်စိစမ်းသပ် ခွဲစိတ်ကုသခြင်း(အခမဲ့)ကို ၂၀၂၂ခုနှစ်မေလ၂၄ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့မွန်းလွှဲပိုင်းက မန္တလေးမြို့ သီပေါအသင်းမှ မျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေးနိုင်ရန်အတွက် အသင်းရန်ပုံငွေမှ မတည်ရန်ပုံငွေကျပ်(၁၀)သိန်း၊ အသင်းဝင် သီပေါသူ၊ သီပေါသားများမှ တစ်ဦးချင်းလှူဒါန်းမှု ငွေကျပ် (၅၈.၇)သိန်းနှင့် စုစုပေါင်းလှူဒါန်းငွေ (၆၈.၇)သိန်းကျပ်ကို မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော်နှင့် ဘဏ္ဍာငွေ ရှာဖွေရေးနှင့် ထိန်းသိမ်းရေးအဖွဲ့ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သီပေါမြို့နယ်ရှိ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးအား ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိသီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော် ဆောင် ဆရာတော်ဘဒ္ဒန္တပညာသီရီ၏ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး ၊ ပြင်ဦးလွင်စသည့် မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် စေတနာရှင်အလှူရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်  အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသ ပေးခဲ့ရာ (၄၇)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)