မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ “စိတ်ကောင်းရှိမှ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မန်တုံ ဧပြီ ၂၇

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်က ဒို့ကျေးရွာ ဂျာနယ်အတွဲ(၁၉)၊ အမှတ်(၅)စာစောင်မှ  စာရေးဆရာချစ်နိုင် (စိတ်ပညာ)ရေးသားသည့် “စိတ်ကောင်းရှိမှ”ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင်မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန များ၌ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်ရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေမှရရှိသော ဗဟုသုတများဖြင့် အများအကျိုးဆောင်ရွက်နိုင်စေရန်၊ လူတိုင်းစာဖတ်ခြင်း အလေ့အထဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မောင်ထွန်းလှိုင် (ဒဿမတန်း)မှ ဝန်းသိုရွာရှိ တစ်ဦးတည်းသောကျောင်းအုပ်ဆရာကြီး ကတော့ သူ၏ တစ်ဦးတည်းသော မြေးယောကျာ်းလေးကို ၇ မိုက်ဝေးသော စဉ့်ကိုင်အထက်တန်းကျောင်းရှိ ၅ တန်းပညာဆက်သင်နိုင်အောင် စက်ဘီးအိုအိုတစ်ခု မဖြစ်မနေဝယ်ပေးရှာသည် စသဖြင့်လည်းကောင်း၊ မရွှေအိမ်စံ (သတ္တမတန်း) မှ နွေရာသီကျောင်းပိတ်ရက် အိမ်နောက်ဖေး ခြံကျယ်ကျယ်ထဲရှိ ဖားဖားဝေဝေ အရိပ်အေးအေး ညောင်ပင်ကြီးအောက်တွင် မောင်တင်လှိုင်နှင့် မောင်မြအေး သူငယ်ချင်းကျောင်းနေဘက်အရွယ်တူ အတန်းတူ၊ နှစ်ယောက်သားကစားနေကြသည် အစရှိသဖြင့် လည်းကောင်း၊ မအိုထွေး(သတ္တမတန်း) မှ “တကယ်တော့ ကိုယ့်လိုမပြည့်စုံသူကို ကူညီဖေးမတာ၊ သူတစ်ပါး ပျော်ရွှင်စိတ်ချမ်းသာအောင် အနစ်နာခံတာ၊ ဆာလောင်နေသူကို ကိုယ်မစားဘဲ ပေးတာ ကျွေးတာတွေက မွန်မြတ်ဖြူစင်တဲ့ သဘောထားနဲ့ အပြုအမူတွေပါ” အစရှိသည်များကို တက်ရောက်လာသူ ကျောင်းသူများမှ တစ်ဦးချင်းဖတ်ကြားကြပြီး“စိတ်ကောင်းရှိမှ” ခေါင်းစဉ်ပါ အကြောင်းအရာများ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

မန်တုံ