တံတားဦးမြို့နယ်တွင် လေဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

တံတားဦး ဧပြီ ၂၇

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဧပြီလ(၁၈)ရက်နေ့ ညနေ(၇)နာရီခွဲအချိန်က မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခြင်းအတွက် ကျေးရွာများအရောက် ထောက်ပံ့ငွေများကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများ သွားရောက် ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင် ဗိုလ်မှူးသန်းနိုင်ဦးတို့က အမှာစကားအသီးသီးပြောကြားပြီး မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိဖြူဖြူနှင်းက ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များ ပြန်လည် ပြုပြင်နိုင်ရေး၊ လေဘေးသင့်ပြည်သူများ လတ်တလောစားဝတ်နေရေးပြေလည်စေရန် ရည်ရွယ်၍ ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း၊ လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုး (၇)ရက်စာအတွက် ငွေကျပ် (၂၁၀၀)နှုန်းဖြင့်  ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး လေဘေးသင့်ပြည်သူများထံ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ကြသည်။

တံတားဦးမြို့နယ် အနေဖြင့် လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁)ရပ်ကွက်တွင် အိမ်ထောင်စု(၃)စု၊ လက်ပန်ဇင်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၈)စု ၊ အိမ်ကန် ကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၁)စု၊ ဟံသာဝတီ ကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၃)စု၊ ငါးရာပြားကျေးရွာအုပ်စုတွင်  အိမ်ထောင်စု(၉)စု၊ ပေါက်မြိုင်ကျေးရွာ အုပ်စုတွင် အိမ်ထောင်စု(၁၅)စု၊ ခေါင်းကွဲကျေးရွာအုပ်စုတွင် (၁၈)စု၊ ဈေးချိုကျေးရွာ အုပ်စုတွင်(၂)စု၊ လက်ဆောင်ယူကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၄)စု၊ မီးသွေးတိုက်ကျေးရွာ အုပ်စု တွင်(၁၀)စု စုစုပေါင်း အိမ်ထောင်စု(၈၁)စုဖြစ်ရာ လူဦးရေအားဖြင့် (၃၆၇)ဦးအတွက်  ဆန်ရိက္ခာဖိုးငွေ ကျပ် (၇၇၀၇၀၀)ကျပ်၊ နေအိမ်အဆောက်အဦးပြုပြင်ရန်အတွက် ငွေကျပ်(၃၁၁၉၄၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ ငွေကျပ် (၃၈၉၀၁၀၀)ကို လေပြင်းတိုက်ခတ်ခံရသည့် ပြည်သူများအား လက်ဝယ်အရောက် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ရဲတင့်