ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဌာနဆိုင်ရာများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများ ပေါင်းစပ် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
ဆွေးနွေးပွဲသို့ ဆိပ်ကြီး ခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၊ အမှတ်(၁) တိုင်းဒေသ ကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဆွေ၊ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံကိန်း အတွင်းရေးမှူး ဦးဝင်းသိန်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက အဖွင့် အမှာစကားပြောကြားကာ မြို့နယ် စီမံကိန်း ရေးဆွဲ အကောင်အထည် ဖော်ရေး ကော်မတီ အတွင်းရေးမှူးက ယခင်လ ဆွေးနွေးပွဲ ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားရှင်းလင်း ပြောကြားသည်။ ယင်းနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်ချင်း ဆက်သွယ်တည်ဆောက်မည့် တွံတေးတူးမြောင်းကူးတံတား တည်ဆောက်ခြင်း ပန္နက်တင် အခမ်းအနားပြုလုပ်မည့် အစီအစဉ်နှင့် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး မြို့နယ် စီမံကိန်း ဦးစီးမှူးက ဘတ်ဂျက်ခွင့်ပြုငွေအရ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဌာနဆိုင်ရာနှင့် ရပ်ကွက် များအလိုက် ဘတ်ဂျက်ခွဲဝေခွင့်ပြုမှုအရ ကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လျာထား၊ ဆောင်ရွက်ဆဲနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများ၊ မြို့နယ် အတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များ၊ အသက် (၁၈) နှစ်ပြည့်သူတိုင်း ဆန္ဒမဲပေးနိုင်ရေး မြို့နယ် ရပ်ကွက် များအတွင်း နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မြို့နယ်အတွင်း လျှပ်စစ် အန္တရာယ် ကင်းရှင်းရေးနှင့် ဓာတ်အားပြည့်ဝစွာရရှိရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဌာနဆိုင်ရာ ရုံး အဆောက်အဦးသစ်များ ဆောက်လုပ်ပြီးစီးမှုအခြေအနေများနှင့်ဒေသဖွံ့ဖြိုးရေး အခြားလုပ်ငန်းများ ဆောင်ရွက်နေမှု တို့အား အလှည့်ကျ ရှင်းလင်းတင်ပြရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေး ကော်မတီ အတွင်းရေးမှူး တို့က ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)