မလှိုင် ဧပြီ ၂၇
မလှိုင်မြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် ယစ်မျိုးအစီအစဉ်အရ ခွင့်ပြုခဲ့သည့် CFL-1 ယစ်မျိုးလိုင်စင်လေလံရောင်းချပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ CFL-1 ယစ်မျိုးလိုင်စင် လေလံရောင်းချပွဲတွင် မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး က လေလံပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က မိမိတို့မြို့နယ်အတွင်း၌ CFL-1 ယစ်မျိုးလိုင်စင် နှင့်ပတ်သက်၍ မကျီးပင်ပု ကျေးရွာ၊ နတ်စဉ်ကုန်း၊ ညောင်အုပ်၊ ကံကြီး ကျေးရွာဟူ၍(၄) နေရာ ရှိပါကြောင်း အဆိုပါ(၄) နေရာ ကို တက်ရောက်လာသူများထဲမှ လေလံစျေးအမြင့်ဆုံး ဆွဲဝယ်နိုင်သူကို ချထားပေးသွားမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားပြီး လေလံရောင်းချပွဲကို ကျင်းပဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လေလံပွဲတွင် မကျီးပင်ပုကျေးရွာအတွက် အမြင့်ဆုံးလေလံစျေး(၂၄၇၀၀၀)ကျပ်ဖြင့် ဦးမင်းဇော်ဦးကလည်းကောင်း၊ နတ်စဉ်ကုန်းကျေးရွာအတွက် (၂၅၁၀၀၀)ကျပ်ဖြင့် ကံရွာမှ ဦးသန်းအောင်က လည်းကောင်း၊ ညောင်အုပ်ကျေးရွာအတွက် (၂၃၃၀၀၀)ကျပ်ဖြင့် ညောင်အုပ်ကျေးရွာမှ ဦးသန်းအောင်က လည်းကောင်း၊ ကံကြီးကျေးရွာအတွက် (၃၅၅၀၀၀) ကျပ်ဖြင့် ဦးဝင်းမော်မှ လည်း ကောင်း ဆွဲဝယ်ရရှိသွားကြောင်း သိရသည်။
မလှိုင်မြို့အတွင်း ၂၀၂၂ -၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် ယစ်မျိုးအစီအစဉ်အရ ခွင့်ပြုခဲ့သည့် ယစ်မျိုး လိုင်စင် အရေအတွက်မှာ CFL-1 (၄)ဆိုင် ၊ CS-2A (၃၂)ဆိုင် ၊ FL-9 (၂၀)ဆိုင် ၊ FL-12 (၉)ဆိုင် ၊ FL-17 (၁)ဆိုင်၊ စုစုပေါင်း (၆၆)ဆိုင်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)