ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ကျောက်ဆည် ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမတင်ဝင်း (ပညာရေး တက္ကသိုလ်)ရေးသားသည့် “အားပါတဲ့စေတနာစကားများ”စာအုပ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ခရိုင်ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝို်ငးဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ပရိသတ်များ အသိပညာဗဟုသုတ ပိုမိုတိုးပွားစေရန်၊ စာဖတ်ဝါသနာပါသူများနှင့် စာပေကိုချစ်မြတ်နိုးသူများအချင်းချင်း တစ်ဦးနှင့်တစ်ဦးအတွေးအခေါ်များ ကို အပြန် အလှန်ဆွေးနွေးပြီး အတွေးအခေါ်သစ်များ ရရှိစေရန်နှင့် မိတ်ဆွေအပေါင်းအသင်းများ တိုးပွားစေရန်အတွက် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ကျောက် ဆည်မြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ စာရေးဆရာမောင်ခိုင်ကျော် (ကျောက်ဆည်)က စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသည့် “အားပါတဲ့စေတနာစကားများ” စာအုပ်ပါအကြောင်းများဖြစ်သည့် တော်ချင်ရင်မပျင်းနဲ့၊ တိုးတက်ချင်ရင် အလုပ်ကိုမငြင်းဆန်ပါနဲ့၊စိတ်လေရင်စံလွဲတတ်တယ်၊ မြင့်သထက် မြင့်တဲ့နေရာကို တက်ချင်တဲ့သူဟာ မလိုတာတွေကို ပစ်ချထားခဲ့နိုင်သူဖြစ်ရမယ်၊ လူတိုင်းမှာ အညွန့်ရှိတယ် မထီမဲ့မြင်မပြုနဲ့၊ ညာတဲ့ အကျင့်ကိုဖျောက် မဖျောက်ရင်အညှာလွယ်တဲ့အသီးလို အကြွေစောလိမ့်မယ် စသည့် အကြာင်းအရာများအား  ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက စာအုပ်ထဲက အသိတရားများကို ရင်အုပ်ထဲရောက်အောင် ကြိုးစားပါ၊ အသုံးမကျတဲ့သူ တစ်ယောက်အတွက်များ ကိုယ်တက်မယ့်လမ်းကနေ မသွေဖည်စေနဲ့၊ မိမိရဲ့ဝီရိယကို အမြင့်ဆုံးအထိ တင်ထားတဲ့သူဟာ နောင်တကင်းတဲ့စိတ်နဲ့နေနိုင်တယ်သေနိုင်တယ်၊ လူပီသတဲ့ လူမှာအရင်းအနှီး ကြီးပြီးသားဖြစ်တယ်၊ နွံလိုအောက်ဘက်စုပ်ယူတတ်တဲ့ အရာနဲ့မထိစပ်မိစေနဲ့၊ အဆန်ပြည့် စပါးလို အဖျားငိုက်နိုင်အောင်ကြိုးစားပါ၊ ဘာဘဲလုပ်လုပ်အားမလွန်စေနဲ့၊ အလုပ်များပါစေ အလုပ်မရှုပ်ပါစေနဲ့၊ ဘာဘဲလုပ်ရလုပ်ရ အကောင်းဆုံးဖြစ်အောင်လုပ်ပါ စသည့်အကြောင်း အရာများအား ရှင်းလင်းဆွေးနွေးခဲ့ရာ  စာဖတ်ဝိုင်းသို့ တက်ရောက်လာသသည့် စာပေချစ်မြတ်နိုးသူ များက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သက်မောင်