ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ရန်ကုန် ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာဗီနေး ကူးမားအား ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့သည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ကဏ္ဍများ ဆောင်ရွက်မှု အခြေအနေ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လှူဒါန်းမှု အခြေအနေ၊ ပညာရေး၊ ကျန်းမာရေးနှင့် ခရီးသွားကဏ္ဍများ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေး ကြသည်။

ယင်းနောက် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ဆန်အိတ်ပေါင်း (၁၆၀၀၀၀) အိတ်နှင့် ဂျုံ (၁၉၇၇၅၀) ကီလိုဂရမ် လှူဒါန်းခဲ့မှုအပေါ် ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်(၁၁) မြို့နယ်၌ ဖြန့်ဝေပြီးစီးမှု ဓါတ်ပုံမှတ်တမ်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာဗီနေးကူးမားသို့ ပေးအပ်ကြောင်း သိရသည်။

အောင်မြင့်