ဟိုပန် ဧပြီ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ဒေသထုံးတမ်းအစဉ်အလာ ရိုးရာ မပျက် မြို့နယ်လုံးကျွတ် သဲပုံစေတီလှူဒါန်းပွဲနှင့် နတ်နန်းကန်တော့ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဟိုပန်မြို့၊ မန်မိုင်ရပ်ကွက်ရှိ ကိုးမြို့ရှင် နတ်နန်းကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
"ကျွန်တော်တို့ ဟိုပန်မှာ မြန်မာ နှစ်သစ်အခါသမယ သင်္ကြန်ပွဲပြီးချိန် နှစ်ဆန်းတစ်ရက်မှစတင်၍ ဘုန်းတော်ကြီးကျောင်းများနှင့် သက်ကြီးဘိုးဘွားများကို ရပ်ကွက်အလိုက် စုပေါင်းပြီး လိုက်လံ ကန်တော့လေ့ရှိပါတယ်၊ အားလုံးလိုက်လံကန်တော့ပြီး နောက်ဆုံးအချိန်တွင် ယခုလို မြို့နယ်လုံးကျွတ် သဲပုံစေတီလှူဒါန်းပွဲနှင့် နတ်နန်းကန်တော့ပွဲကိုကျင်းပပြီး နှစ်သစ်မင်္ဂလာကို ယူပါတယ်။ ပွဲကို လာရောက်ကြသည့် မိဘပြည်သူများက နှစ်သစ်တွင် မိသားစုအားလုံး ကျန်းမာရေး၊ စီးပွားရေး စသည်များကို ပိုမိုတိုးတက်အောင်မြင်ဖြစ်ထွန်းစေရန် ဆုတွေတောင်းကြပြီး ဒေသထုံးတမ်းအစဉ်အလာမပြတ် တန်ဖိုးထား၊ ထိန်းသိမ်းသည့် အနေဖြင့် ရိုးရာမပျက် ပွဲကို လာရောက်ပူဇော်ကန်တော့ကျင်းပခြင်း ဖြစ်ပါတယ်။ ပွဲကို ဟိုပန်မြို့နယ်တင်မကပဲ အနီးပတ်ဝန်းကျင်ရှိ လောက်ကိုင်မြို့နယ်၊ ကွမ်းလုံမြို့နယ်များမှ ကုသိုလ်ရှင်များလည်း လာရောက်၍ ပူဇော်လှူဒါန်းမှုတွေ ပြုလုပ်ကြပါတယ်။ ကိုဗစ်ကာလမတိုင်ကဆို တရုတ်ပြည်၊ မိန်းတိန်မြို့ဘက်မှလည်း ကျွန်တော်တို့ပွဲကို လာရောက်တာတွေရှိပါတယ်။ကိုဗစ်ကာလ ပြီးခဲ့တဲ့နှစ်တွေက ပွဲကိုအကျဉ်းရုံးလေးပဲ ဆောင်ရွက်ရပါတယ်။ ဒီနှစ်ကတော့ ကိုဗစ်စည်းကမ်းများ ဖြေလျော့လိုက်တဲ့အတွက် ခုလို စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ် ဆောင်ရွက်နိုင်ခဲ့ပါတယ်" ဟု ပွဲကျင်းပရေးကော်မတီဝင် ဒေသခံ ဉီးစိုင်းဆာထွန်းက ပြောကြား သည်။
အဆိုပါ ရိုးရာမပျက် သဲပုံစေတီလှူဒါန်းပွဲနှင့်နတ်နန်းကန်တော့ပွဲကို ဟိုပန်မြို့နယ်အတွင်းရှိ ရပ်ကွက်အလိုက် ပင့်ဖိတ်ခ့ဲကြသည့် ဘုန်းတော်ကြီးကျောင်း (၁၄)ကျောင်းမှ သံဃာတော် (၂၆)ပါးနှင့် အရှင်သာမဏေ(၁၃၆)ပါးတို့က ပရိတ်တရားတော်များရွတ်ဖတ်ခဲ့ကြကာ ပွဲသို့ လာရောက်ကြသည့် စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထု ငွေများအား ဆက်ကပ်လှူဒါန်းကုသိုလ်ပြုခဲ့ကြကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)