ပင်းတယ ဧပြီ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ညောင်ကောက် ရွာမှဒေသခံတောင်သူများသည် ဆောင်းသီးနှံအဖြစ်နေ့စဉ်ဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရိတ်သိမ်းပြီးနောက် ဆီစားသုံးမှုဖူလုံစေရန် သီးထပ်စနစ်ဖြင့် ဆီနေကြာများအား ဧက အများအပြားစိုက်ပျိုးကြလျက်ရှိသည်။
ပင်းတယမြို့နယ်တွင် ဆီထွက်သီးနှံများထုတ်လုပ်ရန်မြေပဲဆီ၊ ဆီမုန့်ညင်း၊ နှမ်း၊ နေကြာ စသည်တို့အား ရာသီအလိုက် စိုက်ပျိုးထားရှိပြီး၊ နေကြာဆီအတွက်နေကြာမျိုးအား ရာသီမရွေး သီးထပ်သီးညှပ်၊ သီးနှံအဖြစ်စိုက်ပျိုးထားရှိကြသည်။ ဆီနေကြာများ စိုက်ပျိုးကြရာတွင် မြေ၏ ပကတိအစိုဓာတ်အတိုင်း စိုက်ပျိုးလေ့ရှိကြသော်လည်း မြေပြင်ခြောက်သွေ့သည့် နွေရာသီတွင် မြေအစိုဓာတ် လျှော့နည်းသွားခြင်းမရှိစေရန်အတွက် ရေသွင်းစနစ်ဖြင့် အတန်းလိုက် အစေ့ချ စိုက်ပျိုးရကြောင်းနှင့် တစ်ပင်နှင့်တစ်ပင်ကြား ၆လက်မမှ ၉ လက်မခန့် ခြားကာ၊ အတန်းခြား ၂ပေခန့်ခြား၍ ရေမြောင်းပြုလုပ်ကာ ရေသွင်း၍ စိုက်ပျိုးရကြောင်း၊ ဆီနေကြာ ဧက အများ အပြားစိုက်ပျိုးသူဖြစ်သည့် ပင်းတယမြို့နယ်၊ ညောင်ကောက်ကျေးရွာ၊ ဦးသန်းအောင်ထံမှ သိရှိရသည်။
ဆီနေကြာများ စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များအား စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာစနစ်ကောင်းများ ရယူ၍ စိုက်ပျိုးကြပြီး တစ်ဧကလျင် ၃ကီလိုပါရှိသည့် မျိုးစေ့ထုပ်သုံးထုပ်စိုက်ပျိုးကြောင်း၊ တစ်ဧကအထွက်နှုန်း တင်း ၂၀ မှ ၂၅တင်းအထိ ထွက်ရှိကြောင်း၊ နေကြာစေ့ အချိန် (၃၀) ကို ကြိတ်ပါက နေကြာဆီ ၁၀ ပိသာခန့် ရရှိကြောင်း၊ နေကြာဆီ ၁၀ ပိသာပါ ဆီတစ်ပုံးအား ကာလပေါက်စျေး၈၀၀၀၀ ဝန်းကျင် ရရှိကြောင်းနှင့် ပင်းတယမြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံရုံသာမက အနီးအနားဒေသများ သို့ပင် ဆီတင်ပို့ရောင်းချလျက်ရှိပြီး လူမူစီးပွားဘဝ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အေးအေးလတ်