မိုင်းခုတ်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန်အချက်များ အသိပညာပေးလှည့်လည်နှိုးဆော်

မိုင်းခုတ် ဧပြီ ၂၇

ရှမ်းပြည်နယ်(အရေှ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့မီးသတ်ဉီးစီးဌာနသည် အများပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရန်အချက်များအား ယမန် နေ့ ညနေ ၅ နာရီက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာ ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် မိမိတို့အိမ်တိုင်းတွင် ခိုင်မာတောင့်တင်းသည့် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ အသင့်ထားရှိရန်၊ မီးဖိုသီးသန့်မရှိသူများ ထမင်း၊ ဟင်းချက်ပြုတ်ခြင်းကို သုံးပေပတ်လည်ကျင်းတူး၍ အကာအရံဖြင့် ချက်ပြုတ်သုံးစွဲကြရန်၊ နေ့လယ် (၁၂)နာရီအထိသာ မီးအသုံးပြုပြီး သေချာစွာငြိမ်းသတ်ကြပြီး ညနေ(၄)နာရီမှသာလျှင် ပြန်လည် သုံးစွဲရန်၊  နေအိမ်ရှိမီးဖိုများအနီးတွင် မီးအလွယ်တကူမကူးစက်နိုင်သည့်အုတ်ခဲ၊ သံပြားများဖြင့် ကာရံသုံးစွဲကြရန်၊ မြို့၊ ရွာအနီးရှိ တောင်ယာခင်းများကို မီးရှို့မည်ဆိုပါက မီးသတ်တပ်ဖွဲ့သို့ လာရောက်အကြောင်းကြားပြီး ခွင့်ပြုချက်ရမှသာ မီးရှို့ကြရန်၊ လေပြင်းတိုက်ခတ်ချိန်တွင် မီးဖိုမီးများချက်ပြုတ်သုံးစွဲခြင်းမပြုရန်၊ မီးကြွင်းမီးကျန်မရှိစေရန် သေချာဆောင်ရွက်ကြရန်၊ လူစောင့်မရှိဘဲ မီးဖိုမီး၊ ဘုရားမီး၊ အခြားမီး(လုပ်ငန်းသုံးမီး၊ အမှိုက်မီး)သုံးစွဲမှုများ မပြုလုပ်ကြရန်၊ သက်ကြီးရွယ်အို၊ ဆွံ့အနားမကြားသူ၊ အရွယ်မရောက်သေးသည့် ကလေးငယ်များ၊ မသန်စွမ်း သူများကို မီးသုံးစွဲမှုမပြုလုပ်ခိုင်းရန်၊ ဖယောင်းတိုင်မီး၊ မှန်အိမ်မီး၊ မီးခွက်မီးများအသုံးပြုပါက မီးခံခွက်ဖြင့် အသုံးပြုကြရန်၊ ခွင့်ပြုချက်မရဘဲ လောင်စာမီးများကို စည်ပင်သာယာ နယ်နမိတ်အတွင်း သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်းမပြုကြရန်၊ ပျက်စီးယိုယွင်းနေသည့် လျှပ်စစ် ပစ္စည်းများကို အသုံးမပြုကြရန်နှင့် ပြုပြင်ပြီးမှသာသုံးစွဲရန်၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဗူးထားရှိကြရန်၊ မီးလောင်လွယ်သည့်ကောက်ရိုး များ၊ ဝါဂွမ်းများ၊ မြက်ခြောက်များနှင့် စပါးအိတ်များကို မီးဖိုထဲတွင် ထုထည်ကြီးမားစွာစုပုံမထားရန်၊ မီးသတ်ဉီးစီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ စနစ်တကျမီးသုံးစွဲရန်၊ မီးလောင်မှု၊ မီးလန့်မှုဖြစ်ပါက မိုင်းခုတ်မြို့ မီးသတ်တပ်ဖွဲ့ ဖုန်းနံပါတ်-၀၉၄၄၁၃၈၄၉၈၂ သို့ဆက်သွယ်အကြောင်းကြားရန် စသည့်အချက်များကို အသိပညာပေး လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)