ချမ်းအေးသာစံမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါပိုးကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်

ချမ်းအေးသာစံ ဧပြီ  ၂၇

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်( Omicron) ရောဂါပိုးကြိုတင်ကာကွယ်ရေးအတွက် လော်စပီကာဖြင့် လှည့်လည်အသိ ပညာပေးခြင်းကို ယမန်နေ့ နေ့လည် ၁၂ နာရီ အချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။

ယင်းသို့ အသိပညာပေး​ဆောက်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ အခြားသူများထံသို့သွားရောက် မလည်ပတ်ရန်၊ အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း Mask ကို စနစ် တကျတပ်ဆင်ရန်၊ လူစုလူဝေးရှိသောနေရာများကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန်၊ လက်​ဆေးသည့်အခါမှာလည်း တစ်တောင်ဆစ်၊ လက်ဖဝါး၊ လက်ဖမိုး၊ လက်မကြား၊ လက်သည်းကြားတို့ကို အနည်းဆုံး စက္ကန့် (၂၀)ကြာအောင် သေချာစွာပွတ်တိုက် ဆေးကြောရန်၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်း မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက်ကောင်းသော အခန်း၌သာ နေထိုင်ကြရန်၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့  ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ မျိုးကွဲသစ် တစ်ခုဖြစ်တဲ့ အိုမီခရွန်(Omicron) ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံး ရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါအခံရှိတဲ့ သူတွေပိုပြီးတော့ ကူးစက်မှုကလည်း မြန်တဲ့အတွက်ထိုရောဂါလက္ခဏာရှိတဲ့သူတွေ ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း ပြည်သူများအားလုံး လိုက်နာကျင့်သုံးပြီး ပူးပေါင်းပါဝင်ပေးကြရန် အသိပညာပေးခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်