မိုင်းခတ်မြို့နယ်ကြက်ခြေနီအသင်းအားကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ ထောက်ပံ့ပြီး အသင်းဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

မိုင်းခတ် စက်တင်ဘာ ၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့သော မြို့နယ်ကြက်ခြေနီအသင်းအား ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ​ထောက်ပံ့ပြီး အသင်းဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။


ရှေးဦးစွာ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌဒ ဒေါ်စန်းစန်းမြင့်နှင့် ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြတ်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိုင်းခတ်မြို့နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်သန်းက မြို့နယ်အတွင်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ​ ထောက်ပံ့ပြီး ကြက်ခြေနီစေတနာ့ဝန်ထမ်းများ အားဂုဏ်ပြု မှတ်တမ်းလွှာများ​ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဌာနဆိုင်ရာများ ၊မြို့နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ၊ မိုင်းခတ်မေတ္တာလူမှုကူညီရေး အသင်းနှင့်ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်းသိရသည်။


မိုးဒေ (ပြန်/ဆက်)