ရပ်စောက် ဧပြီ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ် မတ်လအထိ ငွေလုံးငွေရင်းအသုံးစရိတ်ငွေကျပ် (၉၅ဒသမ၁)သန်းဖြင့် မြို့နယ်ဘောလုံး အားကစားကွင်း ရေနုတ်မြောင်းတူးဖော်ခြင်းနှင့် မြက်ကပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်မှစတင်၍ တင်ဒါအောင် ကုမ္ပဏီဖြစ်သည့် Treasure Maing Tong ကုမ္ပဏီမှတာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အားကစားကွင်း ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ အားကစားကွင်းများ ပြုပြင်မွမ်းမံ ဆောင်ရွက်ခြင်းအားဖြင့် အားကစားသမားများ လုံခြုံစိတ်ချစွာဖြင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ အဆင်ပြေချောမွေ့စွာ အားကစားများ ပြုလုပ်နိုင်စေရေးနှင့် အားကစား ကွင်းများ စိမ်းလန်းစိုပြေ သန့်ရှင်းသပ်ရပ်ကာ ကျောင်းသားလူငယ်များနှင့် ပြည်သူလူထုများ လာရောက်ကစားချင်စိတ် ဖြစ်ပေါ်လာစေရေးအတွက် မြို့နယ်ဘောလုံးအားကစားကွင်း ရေနုတ်မြောင်းတူးဖော်ခြင်းနှင့် မြက်ကပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် (၉၈ ရာခိုင်နှုန်း) ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးမြတ်သူထံမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)