မိုင်းပန် စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပဲပုတ် မျိုးကောင်းမျိုးသန့်ရရှိရန်၊ မြို့နယ်အတွင်း ကုန်ချောပြုလုပ်ရာ၌ အရည်အသွေးကောင်းမွန်သည့် ကုန်ချောများ ရရှိစေရန်၊ အခြားမြို့များသို့ ပို့ဆောင်၍ ရောင်းချရာတွင်လည်း အရည်အသွေးမြင့်၍ ဈေးကွက်ရရှိစေရန်အတွက် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စက်တင်ဘာလ (၁) ရက်နေ့ နံနက်ပိုင်းတွင် ပဲပုတ်စိုက်တောင်သူ (၄) ဦး၏ စိုက်ခင်းများသို့ သွားရောက်၍ လိုအပ်မည့် သွင်းအားစု နည်းပညာများ ပံပိုးကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ်အတွင်းရှိ နမ့်တိန်းကျေးရွာအုပ်စု၊ ကုန်းကတ်ကျေးရွာမှ တောင်သူ (၂) ဦးနှင့် ဆားဝါး ကျေးရွာအုပ်စု၊ ဆုပ်ဟွေကျေးရွာမှ တောင်သူ (၂) ဦးတို့၏ ပဲပုတ်စိုက်ခင်းများသို့ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မိုးနှင့်ဝန်ထမ်းများမှ သွားရောက်၍ စိုက်ပျိုးထားရှိမှု အခြေအနေနှင့် မျိုးစေ့ထုတ်လုပ်ငန်းစဉ်နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲပုတ်စိုက်ပျိုးမှုအား နှစ်စဉ် ဩဂုတ်လကုန်နှင့် စက်တင်ဘာလဆန်းရက်များတွင် မိုးနှမ်းရိပ်သိမ်းမှု အပြီး၌ ဒုတိယသီးနှံအဖြစ် စတင်စိုက်ပျိုးလျက်ရှိကြောင်း၊ ၂ဝ၁၉ ခုနှစ်အတွင်း၌ ပဲပုတ်စိုက်ပျိုးမှု အနေဖြင့် ဧက (၂၄ဝဝ) ကျော်ရှိကြောင်း၊ မိုင်းပန်မြို့တွင်း၌ ပဲပုတ်မှ ကုန်ချောအဖြစ် ပဲပြားလုပ်ငန်း၊ တို့ဟူးခြောက်လုပ်ငန်းများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုကြလျက်ရှိကြောင်းနှင့် တောင်ကြီးမြို့၊ နမ့်စန်မြို့များသို့လည်း တင်ပို့ရောင်းချလေ့ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်မိုးထံမှ သတင်းရရှိသည်။
ဆန်းမြင့်(ပြန်/ဆက်)