မြစ်သား စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိပြီး ပြည်သူများပြင်ပသို့သွားလာရာ၌ နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်သွားလာစေရန်အတွက် Mask တပ်ဆင်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်(၈)နာရီမှ (၉)နာရီထိ မြစ်သားမြို့ ဘိုးဘွားရိပ်သာရှေ့တွင် အသိပညာပေးကာလအဖြစ် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် SRT အဖွဲ့များ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ လမ်းသွားလမ်းလာပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊(hand gel) ဖြင့် လက်ဆေးစေခြင်း၊ Mask နှာခေါင်းစည်း မပါသူများအား Mask များအခမဲ့ဖြန့်ဝေပေးခြင်းနှင့် Mask ပါသော်လည်း စနစ်တကျ လုံခြုံစွာတပ်ဆင်လာခြင်းမရှိသူများအား Maskများ လုံခြုံစွာတပ်ဆင်စေခြင်းနှင့် နေအိမ်ပြင်ပသို့သွားလာရာ၌ Mask များ စနစ်တကျ တပ်ဆင်သွားလာရန် လိုအပ် ကြောင်းကို အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)