ကျိုက်မရော စက်တင်ဘာ ၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေး ရာတွင် ကျန်ရှိမှု မရှိစေရေးအတွက် အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်မြင့်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက ကျုံစိန် ကျေးရွာ၊ ပိန်းနဲကုန်းကျေးရွာနှင့် ကဒါကျေးရွာများသို့ သွားရောက် စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်မရောမြို့နယ် ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ရာအိမ်မှူးများက တစ်အိမ်တက်ဆင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေး၊ မဲဆန္ဒရှင်အမည်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်မှုမရှိစေရေးတို့အတွက် အိမ်ထောင်စုစာရင်းများဖြင့် ရပ်ကွက်/ ကျေးရွာများသို့ အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကျိုက်မရောမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၇)စုတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၁၈၀၇၄၃)ကျော်ရှိပြီး မဲရုံ(၉၈)ရုံ လျာထားပြီး ဆန္ဒမဲပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)