မိုးညှင်း ဧပြီ ၂၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် သင်ရိုးသစ် Grade-5 ဗဟိုအဆင့် နည်းပြသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ မြသရဖူခန်းမ၌ ကျင်းပခဲ့သည်။
ထိုသင်တန်းကို ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT)သင်တန်းကို ဧပြီလ (၂၀)ရက်နေ့က တစ်နိုင်ငံလုံး တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်းဆင်းပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေက ကျောင်းသား ကျောင်းသူများအား သင်ကြားပိုးချရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချပေးနိုင်ရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြား ပို့ချပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ဗဟိုနည်းပြများအဖြစ် မိုးညှင်းမြို့နယ်၌ မူလတန်းကျောင်းအုပ် ဆရာ ဆရာမ စုစုပေါင်း (၅၆)ဦး တက်ရောက်ကြပြီး သင်ရိုးသစ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယပညာဘာသာရပ်များကို ဧပြီလ (၂၀)ရက်နေ့မှ ဧပြီလ (၂၅)ရက်နေ့အထိ ခြောက်ရက်တိုင်တိုင် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)