မိတ္ထီလာမြို့နယ်အတွင်းရှိ  သမဝါယမအသင်းသား တောင်သူများအား စုဆောင်းငွေအပေါ် ရရှိသည့်အတိုးငွေများ ကျေးရွာများအရောက် ကွင်းဆင်းပေးအပ်

မန္တလေး၊ စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ China Exim Bank ချေးငွေရယူထားသည့် သမဝါယမအသင်းများမှ အသင်းသားတောင်သူများ၏ စုဆောင်းငွေအပေါ်ရရှိသည့် အတိုးငွေများကို သြဂုတ်လအတွင်း ကျေးရွာများအရောက် ကွင်းဆင်းပေးအပ်နိုင်ခဲ့ကြောင်း မြို့နယ်သမဝါယမ ဦးစီးအရာရှိ ဒေါ်နွေးနုနုလှိုင်ထံမှ သိရသည်။

အဆိုပါမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သော အခြေခံသမဝါယမအသင်း (၁၃၂) သင်းမှ အသင်းသားတောင်သူ (၁၂၈၄၈) ဦးအား  China Exim Bank က အမေရိကန်ဒေါ်လာသန်း(၄၀၀) မှ (၁၃) ကြိမ်မြောက် ပံ့ပိုးချေးငွေ (၈၈၈၀ ဒသမ ၂၇၈) သိန်းကို  အတိုး (၂) ရာခိုင်နှုန်းဖြင့် ဇန်နဝါရီလမှ ဇွန်လအထိ ချေးငွေကာလ သတ်မှတ်ကာ ထုတ်ချေးပေးခဲ့ပြီး ချေးငွေများအကျေပေးဆပ်ပြီးသော အသင်းသားများ၏စုဆောင်းငွေပေါ်တွင် အတိုးနှုန်း (၁ ဒသမ ၂၅) ပြားနှုန်းဖြင့် ပြန်လည်ထုတ်ပေးလျှက်ရှိရာ အသင်းသားများ၏ စုဆောင်းငွေကျပ် (၁၁၅၉၃ ဒသမ ၂၀၀) သိန်းပေါ်တွင်ရရှိသည့် စုဆောင်းငွေပေါ်အတိုး (၈၆၉ ဒသမ ၄၉၀) သိန်းအား မိတ္ထီလာမြို့နယ် သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်သမဝါယမအသင်းစုတာဝန်ရှိသူများသည် ကျေးရွာများအရောက်ကွင်းဆင်း၍ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို