နမ္မတူမြို့နယ်တွင် နဝမတန်း (Grade-10) သင်ရိုးသစ် ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲဖြေဆိုရန် မြို့နယ်ပညာရေးမှူးရုံး၌ စာရင်းပေးသွင်းနိုင်ပြီဖြစ်

နမ္မတူ ဧပြီ ၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အခြေခံပညာနှင့် အဆင့်မြင့်ပညာ ဆက်လက်ဆည်းပူးနိုင်ရန်ရည်ရွယ်၍ နဝမတန်း (Grade-10) သင်ရိုးသစ် ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲကို မေလ (၉)ရက်နေ့မှ (၁၃)ရက်နေ့အတွင်း ကျင်းပမည်ဖြစ်ရာ ဝင်ရောက် ဖြေဆိုနိုင်ရန်အတွက် ယနေ့မှစ၍ ဧပြီလ (၂၈)ရက်နေ့ နောက်ဆုံးထား၍ မြို့နယ်ပညာရေးမှူးရုံး၌ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ထိုသို့ စာရင်းပေးသွင်းလိုသူများအနေဖြင့် အဋ္ဌမတန်း (Grade-9) သင်ရိုးဟောင်း စာမေးပွဲတွင် အောင်မြင်၍ဖြစ်စေ၊ နဝမတန်း (Grade-10) သင်ရိုးဟောင်း စာမေးပွဲတွင် ကျရှုံး၍ ကျောင်းထွက်ပြီး အစိုးရလုပ်ငန်းများနှင့် ပြင်ပလုပ်ငန်းများတွင် အလုပ်လုပ်နေသူများ၊ ရဲတပ်ဖွဲ့ (သို့) တပ်မတော်သို့ ဝင်ရောက်အမှုထမ်းဆောင်နေသူများအားလုံး ပါဝင်ကြောင်းသိရသည်။

အဆိုပါ နဝမတန်း (Grade-10) သင်ရိုးသစ် ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲကိုမေလ (၉)ရက်နေ့မှ (၁၃)ရက်နေ့အတွင်း ကျင်းပမည်ဖြစ်ပြီး ခရိုင်ပညာရေးမှူးက မေးခွန်းပြုစုခြင်း၊ အဖြေလွှာစစ်ဆေးခြင်းနှင့် အောင်စာရင်းထုတ်ပြန်ခြင်းတို့ကို စိစစ်ဆောင်ရွက်ကာ၊ မြို့နယ် ပညာရေးမှူးမှ  စာဖြေသူများ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိစေရေးနှင့် စာမေးပွဲကျင်းပခြင်း ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ပြီး မေလ (၂၄)ရက်နေ့တွင် အောင်စာရင်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း၊ အသေးစိတ်သိရှိလိုပါက နမ္မတူမြို့နယ်ပညာရေးမှူးရုံး (သို့) ဖုန်း 09-447491673 သို့ ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)