မိုးနဲ ဧပြီ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ နွေရာသီရေရှားပါးသော ကျေးရွာ/ ရပ်ကွက်နှင့် ဘုန်းတော်ကြီးကျောင်းများသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေသွားရောက် လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းအချိန်က သာသနာ့ပါလ ဘုန်းတော်ကြီးကျောင်း စာသင်တိုက်သို့ ဂါလန် ၁၆၀၀ ဆန့် မီးသတ်ရေသယ်ယာဉ် (၂) စီးစာ ဂါလန် ၃၂၀၀ ကို ထပ်မံသွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဘုန်းတော်ကြီးကျောင်း စာသင်တိုက်သို့ ရေသွားရောက်လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုသက်နှင့် မီးသတ်ဝန်ထမ်းများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ မိုးနဲမြို့နယ်အတွင်း ဖေဖော်ဝါရီလမှ ဧပြီလအတွင်း ရေအခက်အခဲရှိသော ဝမ်ယေး ရပ်ကွက်သို့ (၇) ကြိမ်၊ ဝမ်မလန်းကျေးရွာသို့ (၃) ကြိမ်၊ ဝါဆိုကျောင်းတိုက်၊ မိုးကုတ်ဝိပ္ပသနာဓမ္မရိပ်သာ ကျောင်းတိုက်၊ ပါဟူ ဘုန်းတော်ကြီးကျောင်း၊ တံခွန်တောင် ဘုရားစေတီအနောက်ဘက်ရှိ လူရုပ်တောင်ပေါ်နှင့် နားလင်းဘုန်းတော်ကြီးကျောင်းများသို့ မီးသတ်ရေသယ်ယာဉ်ဖြင့် ဂါလန် ၁၆၀၀၊ ၃၂၀၀ နှင့် ဂါလန် ၈၀၀ အသီးသီးသွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ယခု သာသနာ့ပါလ ဘုန်းတော်ကြီးကျောင်း စာသင်တိုက်သို့လည်း တတိယအကြိမ် သွားရောက်လှူဒါန်းခြင်းဖြစ်ပြီး ရေရှားပါးသောနေရာများသို့ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)