ရန်ကင်းမြို့နယ်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် နွေရာသီ အခြေခံပန်းချီသင်တန်း (အခမဲ့) ဖွင့်လှစ်

ရန်ကင်း ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေး ဆရာအသင်း၊ Book Club တို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် ပန်းချီသင်တန်းကို ယနေ့နံနက် ၉နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

သင်တန်းတွင် သင်တန်းနည်းပြဆရာဦးစိုးမြင့်ဒွဏ်းနှင့် ဆရာမောင်ယဉ်ဝေတို့မှ အဖွင့်မုဒိတာ အမှာစကားပြောကြားခဲ့ပြီး နွေရာသီ ကျောင်းပိတ်ရက်များ၌ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ပန်းချီပညာကို အခြေခံတတ်မြောက်စေရန်နှင့် အားလပ် ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဦးစီးအရာရှိ ဒေါ်အိရွှေစင်က အခြေခံပန်းချီရေးဆွဲနည်း သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူကလေး (၂၀)ဦး တက်ရောက်နေပြီး သင်တန်းကာလမှာ ဧပြီ(၂၅)ရက်နေ့မှ စတင်၍ ဧပြီလ(၂၉)ရက်နေ့အထိ စုစုပေါင်း(၅) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အိရွှေစင်