ဝမ်းတွင်းမြို့နယ်တွင် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန် ကျေးလက်ကုန်ထုတ်လမ်း နှစ်လမ်းဆောင်ရွက်သွားမည်

မိတ္ထီလာ  ဧပြီ ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန် မြို့နယ်အတွင်း၌ ကျေးလက်ကုန်ထုတ်လမ်း နှစ်လမ်းကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   သိရသည်။

ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ လယ်ယာအထောက်အကူပြု ကုန်ထုတ်လမ်းသွယ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုန်ထုတ်လမ်းများခင်းခြင်း လုပ်ငန်းများကို နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်  တိုင်းဒေသကြီးရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့်  ကုမ္ပဏီများက တာဝန်ယူပြီး မြို့နယ်အတွင်းရှိ ရာသင်္ချာကျေးရွာအုပ်စု၊ ကျားသေကန်ကျေးရွာ အရှေ့ဘက် ကွင်းအမှတ် (၁၁၄၇)သို့ သွားသော ကုန်ထုတ်လမ်း အရှည်   (၀/၇.၅၈) မိုင်ရှိ လမ်းကို မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်း၊ Slab Culvert (၂)စင်း တည်ဆောက် ခြင်းလုပ်ငန်းများနှင့်  သနပ်ခါးတောကျေးရွာအုပ်စု   ခါးတက္ကန်ကျေးရွာ မြောက်ဘက် ကွင်းအမှတ် (၁၂၃၉)သို့ သွားသော ကုန်ထုတ်လမ်း အရှည်   (၁/၇) မိုင်ရှိ လမ်းကို မြေသားတင် ဂျင်းခင်းခြင်း လုပ်ငန်း၊ Slab Culvert (၈)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။

အဆိုပါ ကုန်ထုတ်လမ်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက ကျားသေကန်ကျေးရွာ အရှေ့ဘက် ကွင်းအမှတ်(၁၁၄၇)သို့ သွားသော ကုန်ထုတ်လမ်းမှ စိုက်ဧက ၇၀၂ ဧကနှင့် ခါးတက္ကန် ကျေးရွာ မြောက်ဘက် ကွင်းအမှတ်(၁၂၃၉)သို့ သွားသော ကုန်ထုတ်လမ်းမှ စိုက်ဧက ၈၃၀ တို့ကို အကျိုးပြုသွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)