တံတားဦး စက်တင်ဘာ ၂
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြီးပြည့်စုံသော မဲဆန္ဒရှင်စာရင်း ရရှိရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားစိစစ်ဆေးကတ်ပြားမရှိသူများ မဲပေးပိုင်ခွင့်မဆုံးရှုံးရအောင် ရည်ရွယ်ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်သန့်ဆွေနှင့် ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း၍ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် ကန်ကြီးကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
တံတားဦးမြို့နယ်အတွင်း လာမယ့်နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်စာရင်း ဖော်ပြရာတွင် နိုင်ငံသားစိစစ်ဆေးကတ်ပြားအမှတ် အချက်အလက် ရေးသွင်းရာတွင် ပြည့်စုံရေးအတွက် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံချက်ရေးဆွဲပြီး ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးတင်သန့်ဆွေက ပြောကြား၍သိရသည်။
၂၀၂၀-ပြည့်နှစ်ဇူလိုင်လမှစတင်၍ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ မှတ်ပုံတင်အသစ် ပြုလုပ်ပေးရန် လူဦးရေပေါင်း (၈၈၃၀) လျာထားပြီး ယနေ့အထိ ပြုလုပ်ပြီးစီးသူ လူဦးရေပေါင်း (၁၆၄၇) ဦး၊ ကျေးရွာအုပ်စုပေါင်း (၄၂) အုပ်စု ကွင်းဆင်းဆောင်ရွက်ပြီးကြောင်း ကျန်ရှိသည့် လူဦးရေများနှင့် ကျေးရွာအုပ်စုများကို ၂၀၂၀-ပြည့်နှစ် အောက်တိုဘာလအကုန်ထိ အဖွဲ့(၃)ဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံးမှ လဝကမှူး ဦးနေဝင်းထံမှ သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)